အောင်ကြည်မိုး(စစ်တွေ)
မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်သည် စပါးအထွက် အများဆုံးဒေသတစ်ခု၌ ပါဝင်နေသည်။ ယခုအချိန် ရခိုင်ဒေသ၌ ဝင်းမှည့်နေသော စပါးခင်းများ ရွှေအိုရောင်တောက်ပလျက်ရှိကြသည်။ ရခိုင်ပြည်နယ်ရှိ နေရာအနှံ့တွင် ပြာသိုလအကုန် တပို့တွဲလဆန်းရက်များ၌ လယ်သမားများ စပါးခင်းအများစုကို စတင်ရိတ်သိမ်း နေကြပြီဖြစ်ကြသည်။ ယနေ့အချိန်၌ ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများ ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်စပါးများအား စိုက်ပျိုးလာကြသည်ကို တွေ့မြင်နေရသည်။ လယ်တစ်ဧကမှ စပါးတင်း တစ်ရာကျော်ထွက်ရှိလာ၍ တောင်သူလယ်သမားများ ဝမ်းစာစပါး ပြည့်စုံပြီး ပိုလျှံစပါးများ ရောင်းချလာနိုင်ကြ၍ စားဝတ်နေရေးအဆင်ပြေဖူလုံမှု ရှိလာကြသည်။
ဘေးအန္တရာယ် ရင်မဆိုင်ကြရစေရန်
စစ်တွေမြို့နယ်ရှိ ကျေးလက်ဒေသ၌ စပါးခင်းများရိတ်သိမ်းပြီးဖြစ်၍ ရခိုင်ဒေသရှိ လယ်သမားများ ရိုးရာဓလေ့ ကောက်ကျိုင်ထူပွဲ ကို ကျင်းပနေကြသည်။ ကောက်ကျိုင်ထူပွဲကို ရခိုင်ရိုးရာဓလေ့အဖြစ် ပြုလုပ်ကြခြင်းမှာ စပါးခင်းများမှ ထွက်ရှိသော စပါးများ မိမိတို့အိမ်ရှိ စပါးကျီများသို့ အခက်အခဲမရှိ ရောက်ရှိနိုင်ရန်ဖြစ်သည်။ တချို့နှစ်များတွင် တလင်းသိမ်းပြီး စပါးများ စုပုံထားချိန် မိုးရွာသည်နှင့် ကြုံတွေ့ရ၍ စပါးအပျက်အစီးရှိတတ်သလို ဘေးအန္တရာယ်ပေါင်းစုံနှင့် ရင်မဆိုင် ကြရစေရန် ကောက်ကျိုင်ထူပွဲကို ပြုလုပ်ကြခြင်းလည်းဖြစ်သည်။ လယ်သမားများတွင် တလင်းပြင်ထဲမှစပါးများ မိမိနေအိမ်ရှိ စပါးကျီများထဲသို့ အန္တရာယ်ကင်းစွာဖြင့် ရောက်ရှိပါမှ ဝမ်းခါးလှသော လူတန်းစားများ ဖြစ်ကြသည်။
တိုးတက်ကောင်းမွန်လာစေရန် ဆုတောင်း
ကောက်ကျိုင်ထူပွဲပြုလုပ်ပုံမှာ ရိတ်သိမ်းထားသောစပါးပင်များအား ကျွဲနွားများဖြင့် တလင်းနယ်ပြီးနောက် ဖြန့်ကြဲထားသော စပါးများအား တစ်နေရာတည်း၌ စုပုံချိန် မိသားစုတွင် အသက်ကြီးဆုံးတစ်ဦးက တလင်းနယ်ရာတွင် အသုံးပြုခဲ့သော ထိုးဆွကောက်ချွန်အား စပါးပုံထဲ၌ ထိုးစိုက်ထားပြီး ထမင်း၊ သောက်ရေခွက်နှင့် သပြေပန်း အစရှိသည်တို့ဖြင့် စပါးပုံတွင်တင်ကာ လယ်စောင့်နတ်၊ တောစောင့်နတ်များအား ပူဇော်ရသော ရိုးရာဓလေ့ဖြစ်သည်။ တချို့လယ်သမားများသည် တလင်းပြင်ထဲ၌ စပါးများ မစုပုံမီ စတိသဘောဖြင့် စု၍ ပူဇော်ပသသည်လည်း ရှိကြသည်။ ထိုသို့ပူဇော်ပသပြီးနောက် မိမိတို့၏ လယ်ယာမြေလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်ကောင်းမွန်လာစေရန် ဆုတောင်းကြသည်။
လယ်သမားတစ်ဦး ကောက်ကျိုင်ထူလျှင် အနီးအနားရှိ အခြားတလင်းနယ်သူများ လာရောက် အားပေးလေ့ရှိကြသည်။ ကောက်ညှင်းပေါင်းကဲ့သို့ စားစရာများကို ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး ဆုတောင်းပေးကြ၍ ရခိုင်ဒေသရှိ လယ်သမားများ၏ ရိုးရာဓလေ့ ကောက်ကျိုင်ထူပွဲအား တင်ပြလိုက်ရသည်။
ကြေးမုံ