နေပြည်တော် ၄ ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။

 

a

 

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နံနက် ၄ နာရီ ၂၅ မိနစ်တွင် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပသည့် နေရာသို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသည့် ပြည်သူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းတို့အား အလေးပြု၍ သစ္စာလေးချက်ကို ရွတ်ဆိုကြသည်။

 

a

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားသည်။

 

a

 

နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ခရိုင်၊ မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

သတင်း - ကိုကိုဇော်၊ ဓာတ်ပုံ - ဇော်မင်းလတ်