ကနီ ၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးလမ်းသည် ဇန်နဝါရီ ၃ ရက်က မိုးရွာသွန်းမှုကြောင့် ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။
ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော်တည်ရှိရာ နေရာသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ အထင်ကရနေရာတစ်ခုဖြစ်ပြီး ၄င်းရုပ်ပွားတော်တည်ရှိရာနေရာသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးလမ်းကို ဒီဇင်ဘာ ၂၄ ရက်နေ့က ဖွင့်လှစ်ပြီဖြစ်၍ မြန်မာပြည်အရပ်ရပ်မှ ဘုရားဧည့်သည်များ အလောင်းတော်ကဿပသို့ သွားလာနေပြီဖြစ်သည်။
ယင်းသို့ ဘုရားဖူးရာသီ လမ်းဖွင့်ပြီး ဘုရားဖူးများ သွားလာဖူးမြော်နေလျက်ရှိရာ ဇန်နဝါရီ ၃ ရက်က မိုးစတင်ရွာသွန်း၍ လမ်းချော်မှုများရှိနေသောကြောင့် အတက်အဆင်းကားများ အန္တရာယ်မရှိ စေရေးအတွက် အဆင်းကားများကို အလောင်းတော်ကဿပဘုရား ကားရပ်နားစခန်းတွင် တားထားပြီး အတက်ကားများကို တောင်တက်လမ်းအစ ဂုံညင်းပင်စခန်းမှ တားထားပြီး ဘုရားဖူးလမ်းကို ဇန်ဝါရီ ၃ ရက်မှ ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောပြသည်။
မိုးရွာနေသဖြင့် လမ်းချော်မှုများရှိနိုင်သောကြောင့် ကားများကို ကြိုတင်တားထား၍ လမ်းတွင်ကားများ လမ်းပိတ်ဆို့ ရပ်တန်နေမှုများမရှိပါကြောင်းနှင့် မိုးဆက်လက်ရွာသွန်းလျှင် ဆက်လက်ပိတ်ထားရနိုင်ပြီး ယနေ့ မိုးမရွာပါက နောက်နှစ်ရက်သုံးရက်ဆိုလျှင် ပုံမှန်ဘုရားဖူးများ သွားလာနိုင်မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌမှ ဆက်လက် ပြောပြသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးအား ဆက်သွယ်မေးမြန်းရာ ချောင်းရေများ ကျဆင်းနေသည့်အတွက် ယနေ့မိုးပြတ်သွားပါက နောက် ၃ ရက်ကြာမှ လမ်းများ အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ထပ်မိုးဆက်ရွာပါက လမ်းများလည်းပျက်နိုင်ကြောင်း သိရသည်။
သန်းဌေးအောင် (ကနီ)