ပေါင်းတည် ၄ ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အင်းကြီးကျေးရွာတွင် လယ်ယာမြေဧက ၉၀၀ ကျော်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်း‌ပေါ်တွင် တံတားလေးစင်း တည်ဆောက်လျက်ရှိကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတား‌လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ယခုဘဏ္ဍာနှစ်၌ အင်းကြီးကျေးရွာတွင် တင်ဒါအောင်မြင်သော အောင်ခေတ်သစ်ကုမ္ပဏီက မူလခွင့်ပြုရန်ပုံငွေကျပ် ၁၂၆ သန်းဖြင့်  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ကပြောသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ တည်ဆောက်နေမှုကို ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တိုင်းဦးစီးမှူး ဦးမျိုးသိန်း၊ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းတို့က ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန် တိုင်းဦးစီးမှူးက‌ ဆွေးနွေးမှာကြားသည်။

 

အဆိုပါ အင်းကြီးကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတား‌လေးစင်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၄၂၅ မှ လူဦးရေ ၁၂၆၀၈ တို့၏ လယ်ယာဧက ၉၄၂ ဧကမှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ