နေပြည်တော် ၄ ဇန်နဝါရီ

 

စစ်ကိုင်းမြို့တွင် ကိုရင်နှစ်ပါး ဆွမ်းခံထွက်သွားရာမှ ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ရှာဖွေ အပ်နှံပေးခဲ့ရကြောင်း သိရသည်။

 

စစ်ကိုင်းမြို့၊ ရွှေသမားရပ်ကွက်ရှိ ရွှေသမားကျောင်းတိုက်တွင် စာသင်သားအဖြစ် ကိုရင်ဝတ်နေထိုင်သော နန့်ဆန်မြို့နယ်၊ စုံဟင်ကျေးရွာနေ ရှင်အာစိဏ္ဏ(ခ)အောင်မွန်း (၈)နှစ်၊ ဝါတော်(၂)ဝါနှင့် ရှင်သြဘာသ(ခ)မောင်ရွှေထိန် (၇)နှစ်၊ ဝါတော်(၁)ဝါတို့သည် ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမြို့အတွင်း ဆွမ်းခံထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ အကိုဝမ်းကွဲတော်စပ်သူ ဥူးသုမင်္ဂလ (၂၂)နှစ်၊ ဝါတော်(၃)ဝါက လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသောကြောင့် ဇန်နဝါရီ ၂ ရက်တွင် စစ်ကိုင်းမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားသဖြင့် စစ်ကိုင်းမြို့မရဲစခန်း လူပျောက်အမှတ်စဉ်( ၁/၂၀၂၀ )ဖြင့် ရေးဖွင့်၍ စုံစမ်းစစ်ဆေးရှာဖွေခဲ့သည်။

 

ထိုကဲ့သို့ စုံစမ်းစစ်ဆေးရှာဖွေနေစဉ် ဇန်နဝါရီ  ၃ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် စစ်ကိုင်းမြို့၊ ပစ်တိုင်းထောင်ချောင် သီလရှင်ကျောင်းတိုက်၊ ကျောင်းထိန်းဆရာလေး ဒေါ်သီရိစန္ဒာက အဆိုပါကိုရင်နှစ်ပါးအား ထိန်းသိမ်းထားရှိကြောင်း သတင်းအရ သွားရောက်အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးချက်အရ ဒေါ်သီရိစန္ဒာမှ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးကြီးအနီးတွင် မြန်မာစကားကောင်းစွာ မတတ်သော ကိုရင်နှစ်ပါးအား တွေ့ရှိရသောကြောင့် ၎င်းနေထိုင်သော ပစ်တိုင်းထောင်ချောင်ကျောင်းတိုက်သို့ ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ကိုရင်နှစ်ပါးအား ရွှေသမားကျောင်းတိုက်ရှိ အကိုဝမ်းကွဲတော်စပ်သူ ဥူးသုမင်္ဂလထံ ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်အပ်နှံထားရှိကြောင်း သိရသည်။ 

 

ရဲပြန်ကြား