မိုင်းဆတ် ၄ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအိမ်ရာ (၁၆)ခန်း ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာဝန်ရှိသူတို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

mdn

 

"မိုင်းဆတ်မြို့က နယ်စပ်ဒေသမြို့ဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အစစအရာရာ ဈေးနှုန်းတွေကြီးမြင့်တယ်။ အိမ်ခန်းငှားခဆိုရင် အနည်းဆုံး ကျပ်ငါးသောင်းကနေ သိန်းဂဏန်းအထိရှိတဲ့အတွက် အခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေမှာ အခက်အခဲကြုံရပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေနဲ့ (၄)ခန်းတွဲ၊ (၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး အခန်းပေါင်း (၁၆)ခန်း ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ပြောသည်။

 

mdn

 

"ကျွန်မ ဒီမြို့မှာတာဝန်ကျတာ သုံးနှစ်ကျော်ရှိပါပြီ၊ ဌာနက ဝန်ထမ်းအိမ်ရာ မရှိတော့ အပြင်မှာ တစ်လကို ကျပ်ခြောက်သောင်းပေးပြီး ငှားနေရတယ်။ အရပ်ထဲမှာ ငှားနေရတာဆိုတော့ အဆင်မပြေတာတွေလည်း ရှိတာပေါ့၊ အခုလို ဝန်ထမ်းတွေအတွက် အိမ်ရာတွေဆောက်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့" ဟု ပညာရေးဌာနမှ ဆရာမတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာသစ်သည် အလျား(၆၁ ဒသမ ၅) ပေနှင့် အနံ (၅၁)ပေရှိပြီး ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်(၃၁၇)သန်းဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သုံးယိမ်းဟွားဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်(မိုင်းဆတ်)