မကွေး ၄ ဇန်နဝါရီ    

 

မကွေးမြို့ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူခြင်းကို ၁၉၈၅ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၅ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၀၉ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ပဉ္စမအကြိမ် ကပ်လှူခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဆဌမအကြိမ်အဖြစ် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူခြင်းကို မြသလွန်စေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများသြဝါဒနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကပ်လှူခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးဖြစ်ကြောင်း သိရသည်။

 

21

 

ယခုအခါ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးစီး၍ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီဦးသို့ မတင်လှူမီ ရဟန်း ရှင်လူ ပြည်သူအများ အနီးကပ် ဖူးမြော်ကြည်ညိုနိုင်ရန်နှင့် စေတနာသဒ္ဓါပေါက်၍ လှူဒါန်းပူဇော်နိုင်ရန်အတွက် မြသလွန်ကုန်းမြေ မြမဉ္စဓမ္မသဘင်ခန်းမတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ အပူဇော်ခံပြီး သာသနာတော်နှစ် ၂၅၆၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် ပြာသိုလဆန်း ၁၃ ရက်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက် (အင်္ဂါနေ့) မင်္ဂလာ နက္ခတ် ရက်မြတ်အခါတော်တွင် မြသလွန်စေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ စိန်ဖူးတော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါအခမ်းအနားတွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် မဟာဝိဇယရံသီ တန်ဆောင်းတော်မှ မြသလွန်စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်၍  ဗုဒ္ဓပူဇနိယ ဗိမာန်တော် ပထမထပ်သို့ ပင့်ဆောင်ကာ၊ ဗိမာန်တော် ပထမထပ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရတနာရွှေစင်ပန်းရထားဖြင့် အစီအစဉ်တကျ ပင့်ဆောင်တင်လှူပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

 

8

 

မကွေးမြို့ ကျက်သရေဆောင် တန်ခိုးကြီးသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးသည် မြသားသလွန်တော်နှင့် ရွှေသားသလွန်တော်တို့ကို ဋ္ဌာပနာ၍ တည်ထားကိုးကွယ်သော ပရိဘောဂ စေတီတော်မြတ်ကြီးတစ်ဆူ ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သက်တော် (၆၀)၊ ဝါတော် (၄၀)၊ မဟာသက္ကရာဇ် (၁၂၈) ခုနှစ်တွင် မြသားသလွန်တော်ကို ဤနဂုတ္တမတောင်တော်ပေါ်တွင် ဋ္ဌာပနာခဲ့ရာ ယနေ့အချိန်အထိ နှစ်ပေါင်း(၂၅၈၃)နှစ်တိုင် အမည်နာမ ထင်ရှားကျော်ကြား လူသိများသော တန်ခိုးကြီးသမိုင်းဝင် စေတီတော်မြတ်ကြီး တစ်ဆူဖြစ်သည်။

 

5

 

သန်းနိုင်ဦး(ငဖဲ)