ထားဝယ် ၄ ဇန်နဝါရီ
နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီး အားကစားအဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က နေပြည်တော်၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၄) မျိုးနှင့်ပတ်သက်၍ ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်က နေပြည်တော်၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ လက်ဆင့်ကမ်း ရွှေတံဆိပ်ဆုရရှိသော အဖွဲ့ကိုငွေကျပ်နှစ်သိန်း၊ ငွေတံဆိပ်ဆု ရရှိသူကို ငွေကျပ်ငါးသောင်း၊ ကြေးတံဆိပ်ရရှိသူကို ငွေကျပ်သုံးသောင်း စုစုပေါင်း ကျပ် ၁၉၂၀၀၀၀ နှင့် အမျိုးသမီး ဘောလုံးအသင်းတွင် ရွှေတံဆိပ်ဆုရရှိသည့်အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် (၁၈) သိန်းကို ပေးအပ်ချီးမြှင့်ရာ အားကစားသမားများက လက်ခံယူသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဉက္ကဋ္ဌ ဦးတင်ထွန်းက ငွေကျပ်သုံးသိန်းပေးအပ်ချီးမြှင့်ရာ အားကစားသမား (၂)ဦးက လက်ခံယူပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင် ပြန်/ဆက်)