ရန်ကုန် ၅ ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ပူးပေါင်း၍ ကျောင်းစာကြည်တိုက် (၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု) လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယက ဦးတင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်အဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်မြတ်စမ်းငြိမ်းက ကျောင်းစာကြည့်တိုက် (၁၀၀) ဖွံ့ဖြိုးရေးစီမံချက်ကို မိတ်ဆက်ရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ စီမံချက်လုပ်ငန်း ညှိနှိုင်းရေးမှူး ဒေါ်မိမိက ကျောင်းစာကြည့်တိုက် (၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု) လုပ်ငန်းအစီအစဥ်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက် အောင်မြင်ရန် ပါဝင်ဆောင်ရွက်ပေးသော စာကြည့်တိုက်မှူးများအား မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ နာယက ဆရာကြီး/ဆရာမကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက် (၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု) လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းစာကြည့်တိုက်ကို တာဝန်ယူဆောင်ရွက်မည့် ဆရာ/ဆရာမများ၊ စီမံချက်အောင်မြင်အောင် ပါဝင်ဆောင်ရွက်ပေးမည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးများနှင့် Community စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်တစ်ခု ဖွဲ့စည်းတည်ထောင်မှုနှင့် စီမံခန့်ခွဲမှုစနစ်များကို စာကြည့်တိုက်ပညာရှင်များက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေနန်းမေ(ပြန်/ဆက်)