ကနီ ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်တွင် မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။
ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော်တည်ရှိရာ နေရာသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အထင်ကရနေရာတစ်ခုဖြစ်ပြီး ရုပ်ပွားတော်တည်ရှိရာ နေရာသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းကို ဒီဇင်ဘာ ၂၄ ရက်က ဖွင့်လှစ်ပြီဖြစ်၍ မြန်မာပြည်အရပ်ရပ်မှ ဘုရားဧည့်သည်များ အလောင်းတော်ကဿပသို့ လာရောက်ဖူးမြော်လျက်ရှိသည်။
ယင်းသို့ ဘုရားဖူးရာသီလမ်းဖွင့်ပြီး ဘုရားဖူးများ သွားလာဖူးမြော်လျက်ရှိရာ ဇန်နဝါရီ ၃ ရက်တွင် မိုးစတင်ရွာသွန်း၍ လမ်းချော်မှုများရှိနေသောကြောင့် အတက်အဆင်းကားများ အန္တရာယ်မရှိစေရေးအတွက် အဆင်းကားများကို အလောင်းတော်ကဿပဘုရား ကားရပ်နားစခန်းတွင် လည်းကောင်း၊ အတက်ကားများကို တောင်တက်လမ်းအစ ဂုံညင်းပင်စခန်းမှ လည်းကောင်း တားထားပြီး ဘုရားဖူးလမ်းကို ဇန်နဝါရီ ၃ ရက်မှ ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောပြသည်။
မိုးရွာလို့ လမ်းချော်မှုများရှိနိုင်ကာ ကားများကို ကြိုတင်တားထား၍ လမ်းတွင် ကားများ လမ်းပိတ်စို့ ရပ်တန့်နေရမှုများ မရှိကြောင်းနှင့် မိုးဆက်လက်ရွာသွန်းပါက ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး မိုးပြတ်၍ လမ်းကောင်းသွားပါက ပုံမှန်ဘုရားဖူးများ သွားလာနိုင်မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌမှ ဆက်လက်ပြောပြ၍ သိရှိရသည်။
ချောင်းရေများလည်း ကျဆင်းနေသည့်အတွက် ဇန်နဝါရီ ၄ ရက်တွင် မိုးပြတ်သွားတောင် နောက် ၃ ရက်လောက်နေမှ လမ်းများက သွားလာနိုင်မှာဖြစ်ပြီး နောက်ထပ်မိုးဆက်ရွာပါက လမ်းများလည်း ပျက်နိုင်ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးအား ပြောပြချက်အရ သိရသည်။
သန်းဌေးအောင်(ကနီ) (ပြန်/ဆက်)