ပျော်ဘွယ် ၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ ၁၁ ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာကို ယခုဘဏ္ဍာရေးနှစ်တွင် စက်ရေတွင်း တူးဖော်ခြင်း၊ မြေသားရေကန် ပြုပြင်တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေရရှိရေး ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ကျေးရွာမှ တင်ပြတောင်းဆိုလာမှုတွေကို ဦးစားပေးရွေးချယ်ပြီး ရှေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ကြိုးစားလုပ်ဆောင်နေပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ပြောပြသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့်ကျေးရွာ ၁၁ ရွာမှာ ဘိုကုန်း၊ စိုင်ချိုနက်၊ အောင်ချမ်းသာ၊ နတ်မြှောင်း၊ မဲကုန်း၊ ငှက်ပျောတော၊ သိမ်ကုန်း(မ)၊ ဖောင်းတော၊ ပန်းတော၊ ကျောက်ချပ်၊ ဒဟတ်တန်းကျေးရွာများတွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၅၀) ကျော်ဖြင့် ဒီဇင်ဘာလ တတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)