စလင်း ၅ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး စလင်းမြို့ ပေါင်းနားရပ်ကွက်၊ မင်းဘူး-စလင်း ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စတေကာကပ်ပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးရာ၌ အရှိန်ပြင်းပြင်း မမောင်းနဲ့၊ နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ စာသားများပါဝင်သည့် စတစ်ကာများကို မော်တော်ဆိုင်ကယ်များတွင် အခမဲ့ကပ်ပေးခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ထုတ်ဝေသည့် ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများကို စလင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်အောင်ချိုမိုး ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၈ ဦးနှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)