မိတ္ထိလာ ၅ ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး လုမ္ပိနီယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းမှ အဖွဲ့ဝင် ဦးဖြိုးဝေသန့်က လုမ္ပိနီယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  မြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာ အခြေပြုအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်များတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ဆရာမကြီး ဒေါ်နီလာအေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ယဉ်ကျေးလိမ္မာ သရုပ်ပြသခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများက  လုမ္ပိနီဓမ္မစကူးလ် သီချင်း၊ ဇာတိမာန်သီချင်းများဖြင့် သံပြိုင်သီဆိုခဲ့ကြကာ တက်ရောက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား အလှူရှင်များက စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ လုမ္ပိနီယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မကျီးကုန်း၊ နန်းတော်ကုန်း၊ ပြည်သာယာ၊ ရန်မျိုးအောင်၊ အောင်ဇေယျာရပ်ကွက်များတွင် နှစ်စဉ်ဖွင့်လှစ်ပေးခဲ့သည်မှာ အဋ္ဌမအကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

           

သိန်းမြင့်ကျော်(မိတ္ထီလာ)