ကောလင်း ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ပန်းဂေါ်ဖီဈေးနှုန်း ယင်ခင်က တစ်ပွင့်လျှင် ကျပ် ၈၀၀ ရောင်းရသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယခုဆိုလျှင် ကျပ် ၂၀၀ အထိ အဆမတန် ကျဆင်းခဲ့ကြောင်း သိရသည်။

"ကျွန်မ ပန်းဂေါ်ဖီကို အပင် ၁၂၀၀၀ စိုက်ပျိုးထားပါတယ်။ မိုးမရွာခင် အပင် ၁၀၀၀ လောက်တော့ ရောင်းချပြီးသော်လည်း ယခု ဇန်နဝါရီ ၁ ရက်နေ့မှ ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ပန်းဂေါ်ဖီဈေးနှုန်းမှာ အဆမတန် ကျဆင်းသွားပါတယ်။ ပန်းဂေါ်ဖီဆိုတော့ ပွင့်လျှင် ခုတ်ရောင်းရတဲ့အတွက် မခုတ်လျှင် စိုက်ခင်းမှာ အရှုံးခံရမှာဖြစ်တဲ့အတွက် ခုတ်ရောင်းရတယ်။ မိုးရွာတော့ ဖောက်သည်များကလည်း မဝယ်တော့ ကောလင်းဈေးမှာ ထိုင်ရောင်းတာ တစ်ရက်လျှင် အပွင့် ၇၀၀ လောက်ပဲ ရောင်းကုန်တယ်။ ဖြည်းဖြည်းချင်း ခုတ်ရောင်းနေရပါတယ်"ဟု ပန်းဂေါ်ဖီစိုက်ပျိုးသူ အုတ်ဖိုကျေးရွာ မဖြူမှ ပြောပြသည်။
“ဒီနှစ်က ကျွန်တော်တို့ကတော့ ပန်းဂေါ်ဖီအပင် ၆၀၀၀ စိုက်ပျိုးထားပြီး ဒီတစ်ပင်ဖြစ်ဖို့ဆိုရင် တစ်ပင်ကိုငွေကျပ် ၇ဝ လောက်ကျတယ်။ စစိုက်ကတည်းက ဒီအချိန်ထိ အချိန်အားဖြင့် သုံးလကြာပါတယ်။ အရင်ပေါ်တာဆိုတော့ တစ်ထုပ်ကို ၇၅၀ ကျပ်နဲ့ အိမ်အထိ ဖောက်သည်များက လာယူပါတယ်။ ပန်းဂေါ်ဖီအပင် ၆၀၀၀ စိုက်တာကို အပျက်အစီးနှင့်ဆိုတော့ အပင် ၅၇၀၀ လောက်ပဲရောင်းရတော့ ၁၇ သိန်းလောက်ပဲရတယ်၊ ယခုက မိုးကမပြတ်ပဲရွာနေတော့ ပန်းဂေါ်ဖီဈေးနှုန်း ကျဆင်းသွားတယ်”ဟု ပန်းဂေါ်ဖီစိုက်တောင်သူ သရက်အိုက်ကျေးရွာ ဦးဖိုးတုတ်က ပြောသည်။
၎င်းကျေးရွာများတွင် ပန်းဂေါ်ဖီအပြင် ဂေါ်ဖီထုပ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ငရုတ်သီး၊ ကြက်သွန်၊ ဖရဲသခွား၊ သစ္စာပန်း၊ ရွှေပဲသီး စသည့်သီးနှံများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)