နေပြည်တော် ၅ ဇန်နဝါရီ

 

ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်ရေး၊ ကျောက်မျက်အချောထည်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၆၉၅ တွဲကို ပြည်တွင်းကျောက်မျက်ကုမ္ပဏီများက တင်ပြရောင်းချထားရာ ဇန်နဝါရီ ၅ ရက်က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲ ၁၂၅၀ အနက်  အတွဲပေါင်း ၁၁၀၀ ကျော်ခန့်အား  ပြည်တွင်းကုန်သည်များက ဝယ်ယူခဲ့ကြောင်း သိရသည်။

 

“တင်ပြရောင်းချတဲ့ ကျောက်တွဲတွေအများဆုံးက ကုမ္ပဏီနဲ့ အစိုးရ အကျိုးတူ​ ကျောက်တွဲတွေ ဖြစ်ပါတယ်၊ ဝယ်တဲ့ကုန်သည်တွေ အနေနဲ့လဲ ကြမ်းခင်းဈေးသက်သာတယ်၊ တန်ပုံ ကျောက်တွေထဲက အစကောင်း(အရည်) ပါတတ်တဲ့အတွက်ရော၊ အချပ်လိုင်း/ လက်ကောက်လိုင်း/ ပုတီးလိုင်း/ ပန်းပုလိုင်း စသည်ဖြင့် ကိုယ့်လိုင်းအတိုင်း အဖွဲ့လိုက် ငွေကြေးစုပြီး လာရောက်ဝယ်ယူကြတာပါ၊ ကျောက်ကုန်ကြမ်းက တစ်နှစ်ထက်တစ်နှစ် ရှားလာပြီလေ၊ တစ်ခြားတွင်းထွက်ရတနာတွေက သူ့အမျိုးအစား၊ သူ့တန်ဖိုးအလိုက် ရှိပေမဲ့ ကျောက်စိမ်းတစ်မျိုးဘဲ တန်ဖိုးအတိအကျ သတ်မှတ်လို့ မရတော့ ဝယ်တဲ့သူရဲ့ ပညာဉာဏ်၊ ကံ၊ ငွေနဲ့ဘဲ သက်ဆိုင်တယ်၊ ကိုယ်ဝယ်ချင်တဲ့ ကျောက်တွဲက ကိုယ်ပေးတဲ့စျေးနှုန်းနဲ့ရတဲ့ ကျောက်တွဲရှိသလို၊ မရတဲ့ ကျောက်တွဲလဲရှိတယ်”ဟု နေပြည်တော်မှ အဖွဲ့လိုက် လာရောက်ဝယ်ယူသူ ကုန်သည်တစ်ဦးက ပြောသည်။

 

“ကျောက်ဝယ်ဖို့ဆိုတာ အဓိက ငွေအရင်းအနှီးပါ၊ ကိုယ့်ငွေနဲ့ ချိန်ဆပြီး ခါးကျောက်တွေ ရှာဝယ်ရတာပါ၊ ချက်ချင်းငွေ ပြန်မပေါ်ပါဖူး၊ ပြန်လည်ပြုပြင်ပြီး အမြတ်ရမှ ပြန်ရောင်းရတာပါ၊ ဈေးကွက်အလိုက် ဈေးပေးဝယ်ယူမှု မတူပါဘူး၊ အဖွဲ့လိုက် ပညာရှင်ခေါ်ပြီး စုပေါင်းဝယ်ယူမှု ရှိသလို ကျနော်တို့လို တစ်ဦးတည်း ဝယ်ယူသူအနေနဲ့ ဈေးပြိုင်မဝယ်ယူနိုင်ပါဘူး၊ လိုအပ်ရင် ငွေတိုးနဲ့ ဝယ်ယူရတဲ့အတွက် ကိုယ်ရတဲ့ ကျောက်အတွဲကို နှစ်လအတွင်း/ အချိန်တိုအတွင်းမှာ ဈေးနှုန်းမစောင့်နိုင်ဘဲ အမြတ်နည်းနည်းရတာနဲ့ ပြန်ရောင်းရပါတယ်၊ မှော်ထဲမှာ လုပ်ကိုင်ဖူးပါတယ်၊ ကုမ္ပဏီကထွက်ပြီး ရှိတဲ့အရင်းအနှီးငွေလေးနဲ့ အခုပြပွဲမှာ လာဝယ်တာပါ၊ မထင်မှတ်ဘဲ ကျောက်ကောင်းရခဲ့ရင်တော့ ဈေးကောင်း စောင့်ရောင်းရပါတယ်၊ နေပြည်တော်ပြပွဲက မှော်အားလုံးရဲ့ ကျောက်မျိုးစုံ၊ ကျောက်ကောင်းတွေ တွေ့ရပါတယ်”ဟု မန္တလေးမြို့မှ တစ်ဦးတည်း ကျောက်လာရောက်ဝယ်ယူသူ တစ်ဦးက ပြောသည်။

 

“ကျနော်တို့ ကုမ္ပဏီက အစိုးရနဲ့ အကျိုးတူ လုပ်တာပါ၊ ကျောက်တွဲ ၈၀ ကျော် တင်ရောင်းထားတယ်၊ ဂိုဒေါင်ရှင်းတဲ့ သဘောမျိုးလဲ ပါတယ်၊ နောက်ပြီး တစ်ခြား အပေါ်ကျောက်တွဲ (ကျောက်ကောင်း)တွေကို အိတ်ဖွင့်တင်ဒါ ထည့်သွင်းဝယ်ယူပါတယ်၊ ကြိုက်တဲ့ဈေးကွက်၊ ဈေးနှုန်းနဲ့ လွတ်လပ်စွာ ရောင်းဝယ်နိုင်အောင်ပေါ့၊ အခု ကျောက်စျေးနှုန်းက ပုံမှန်အတိုင်းပဲ ရပါတယ်”ဟု နေပြည်တော်ရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးက ဆိုသည်။

 

“မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ရောင်းဝယ်ရေး ပြပွဲတွေကို မန္တလေး၊ စစ်ကိုင်း စတဲ့မြို့ကြီးတွေမှာ သက်ဆိုင်ရာက ကြီးကြပ်ဆောင်ရွက်  ကျင်းပပေးနေပါပြီ၊ နေပြည်တော်မှာ ကျင်းပတဲ့ ရောင်းချတဲ့ ပြပွဲက ပိုပြီး ကျောက်ကောင်းများပါတယ်၊ ဝယ်ယူပြီး ကျောက်တွဲတွေကို ပြည်တွင်းကျောက်မျက်ဈေးကွက်တွေမှာ လွတ်လပ်စွာ ရောင်းဝယ်နိုင်ပါတယ်”ဟု ကျောက်မျက်ရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ခွန်(ဝင်းပ)