နေပြည်တော် ၅ ဇန်နဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အဖွဲ့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့၌ ဇန်နဝါရီ ၁ ရက်တွင် ကျင်းပသည့် နီပေါခရီးသွားနှစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားနှင့် ခရီးသွားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့၊ Baluwater ရှိ Prime Minister’s Residence ၌ကျင်းပသည့် Tourism Ministerial Meeting 2020 သို့တက်ရောက်အမှာစကား ပြောသည်။
အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဂျမေကာနိုင်ငံခရီးသွားလာရေး ဝန်ကြီးဌာန၊ နီပေါနိုင်ငံ ယဉ်ကျေးမှု ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ နီပေါနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘူတန်နိုင်ငံ Tourism council of Bhutan နှင့် ကမ္ဘောဒီးယားနိုင်ငံခရီးသွားဝန်ကြီး ဌာနတို့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ Tourism Ministerial Meeting 2020 သည် sustainable Tourism through preservation of Natural and Cultural Heritage ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးဖလှယ်နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရေးပူးပေါင်း ဆောင်ရွက်ရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ထုတ်ကုန်များနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခရီးသွား ထုတ်ကုန်များ ထိန်းသိမ်း ရေး တို့ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ Sasharah Stadium ၌ ကျင်းပသည့် နီပေါခရီးသွားနှစ် ၂၀၂၀ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားကို နီပေါနိုင်ငံ သမ္မတမစ္စစ် သီဒီယာဒေဗီသက်ဒါရီ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျမေကာနိုင်ငံ၊ မြန်မာနိုင်ငံတို့မှ ခရီးသွားဝန်ကြီးများ၊ နီပေါနိုင်ငံရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာနိုင်ငံများ၏ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ မီဒီယာအဖွဲ့အစည်း(၄၀)ကျော်တို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ နီပေါနိုင်ငံယဉ်ကျေးမှုခရီး သွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ Nepal Tourism Board တို့မှ ၂၀၂၀ တွင် နီပေါနိုင်ငံသို့ ခရီးသွား(၂)သန်း ဝင်ရောက်ရန်ရည်ရွယ်၍ ခရီးစဉ်ဒေသအသစ် (၁၀၀) ရောင်းချရေး အစီအစဉ်များကို မိတ်ဆက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် နီပေါနိုင်ငံ လုမ္ဗိနီဥ ယျာဉ်တော်ရှိ၊ မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာနေရာ၊ မာယာဒေဝီ ရေသန့်စင်ရာနေရာ၊ မြန်မာရွှေကျောင်းတော်တို့သို့ သွားရောက်လှည့်လှည်ကြည့်ရှုခဲ့ရာ နီပေါနိုင်ငံ၊ ပြည်နယ်အမှတ်(၅) ခရီးသွားဝန်ကြီး Mr. Leela Gini နှင့် Lumbini Development Trust မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နီပေါနိုင်ငံ၊ ပြည်နယ်အမှတ်(၅) ခရီးသွားဝန်ကြီး Mr. Leela Gini နှင့် တွေ့ဆုံ၍ နီပေါခရီးသွားနှစ် ၂၀၂၀ အတွင်း မြန်မာနိုင်ငံမှ ခရီးသွားအေဂျင်စီများနှင့် ပူးပေါင်း၍ လုမ္ဗိနီဒေသအား ခရီးစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ မော်တော်ယာဉ်တန်းဖြတ်ကျော် ခရီးစဉ်များ ဆောင်ရွက်မည့် အစီအစဉ်များ၊ တိုက်ရိုက်လေကြောင်းပျံသန်းရေးကိစ္စရပ်များ၊ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်၊ မြန်မာနိုင်ငံ ပုဂံ၊ နီပေါနိုင်ငံ လုမ္ဗိနီ နှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ တို့ပါဝင်သည့် Buddhist Pilgrimage Circuit ခရီးစဉ်များ ဆောင်ရွက်ရေး၊ တရားရိပ်သာများမြှင့်တင်ရေး၊ ခရီးစဉ်များစီစဉ်ရေးဆွဲရေးတို့ကို ဆွေးနွေးခဲ့ပြီး နီပေါနိုင်ငံ ခရီးသွား စွဲဆောင်မှုတစ်ခုဖြစ်သည့် Mt. Everest ပတ်ဝန်းကျင်အား လှည့်လှည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)