မုံရွာ ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၇)နာရီက မုံရွာမြို့ ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါ ဂေါက်ကွင်းမြက်ခင်းပြင်တွင် တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ မော်လိုက်၊ ကလေး၊ ကသာ၊ တမူး၊ ရွှေဘို၊ ကောလင်း၊ ဟုမ္မလင်း စသည့် ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပါဝင်သော ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အသင်း (၂၀)တို့မှ အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၀ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများက Lucky ဂေါက်သီး(၃)လုံးကို ရိုက်ပေးပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ပေးခဲ့သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့မှ (၆) ရက်နေ့အထိ နှစ်ရက်တိတိ ယှဉ်ပြိုင်ကာ ဆုရရှိသူ အသင်းများအား ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာနှင့် စစ်ကိုင်းခရိုင်ချင်းဆက်လမ်းပေါ်ရှိ မုံရွာမြို့နယ် ညောင်ပင်တဲကျေးရွာ ရိုးဆုံချောင်းတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယခင်က ရိုးဆုံချောင်း တံတားဟာ ဓမ္မစေတီဆရာတော် ဉီးပညာဝရ ဉီးစီးဖောက်လုပ်ခဲ့တဲ့ စစ်ကိုင်းခရိုင် နဲ့ မုံရွာခရိုင် ဆက်သွယ်သော ငါးကင်း-ကံသုံးဆင့်-မလဲသာ-ကံရင်း-ဝါကျ-ရှားပေါက်တာ-ညောင်ပင်တဲ- ကျောက္ကာ(တ) ကျေးရွာချင်းဆက်လမ်း (၂၀)မိုင် (၆ဒသမ၅)ဖာလုံပေါ်မှာ တည်ရှိပါတယ်။ အဆိုပါလမ်းပေါ်မှာ ကွန်ကရစ်တံတား(၇)စင်း၊ Box Culvert (၁)စင်းနဲ့ ရေကျော်(၂)စင်း ရှိတယ်လို့ သိရှိရပါတယ်။ ယနေ့ဖွင့်လှစ်တဲ့ ရိုးဆုံချောင်းကူးတံတားအရှည်(၆၀)ပေ၊ အကျယ်(၂၅)ပေနဲ့ အမြင့်(၁၈)ပေရှိပြီး ဉီးဝင်းမော်+ဒေါ်ခင်ခင်လေး Forever Group Co,.Ltd မှ ငွေကျပ်သိန်း(၁၅၀ဝ)အကုန်ကျခံ ဆောက်လုပ်လှူဒါန်းထားကြောင်း သိရှိရပါတယ်။
မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ငါးကင်း-ကံသုံးဆင့်-ကျောက္ကာ(တ) လမ်းပိုင်းများဖြစ်သည့် မုံရွာမြို့နယ်အပိုင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ Box Culvert (၁)စင်း၊ ကျောက်ရိုးစီ ကွန်ကရစ်တံတား(၂)စင်း၊ ကုန်ကျငွေကျပ် (၃၈)သန်း နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ကျောက်လမ်း(၂/၂ဒသမ၇)မိုင်ကို ကုန်ကျငွေ ကျပ်(၁၄၆ ဒသမ ၆၀) သန်းဖြင့် လည်းကောင်း၊ အရာတော်မြို့နယ်အပိုင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ဂျင်းလမ်း(ဝ/၆)မိုင်၊ ကုန်ကျငွေကျပ်(၂၇)သန်း၊ ကျောက်လမ်း(၁)ဖာလုံ၊ ကုန်ကျငွေကျပ်(၆ ဒသမ ၆၀ဝ)သန်းဖြင့် လည်ကောင်း၊ မြင်းမူမြို့နယ်အပိုင်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ လွှတ်တော်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း(ဝ/၂ ဒသမ ၅)မိုင်၊ ဂျင်းလမ်း(ဝ/၄ ဒသမ ၅) မိုင် နှင့် Box Culvert (၁)စင်း ကုန်ကျငွေကျပ် (၄)သန်းဖြင့် လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။ မိမိတို့တိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းတံတားများ ကောင်းမွန်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဓမ္မစေတီဆရာတော်၊ အလှူရှင်များနှင့် ကျေးရွာပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျေးရွာနေပြည်သူများမှလည်း လမ်း၊တံတားများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြဖို့ ”တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်မြို့ စမ်းချောင်း ဓမ္မစေတီဆရာတော်က မုံရွာ-စစ်ကိုင်း ခရိုင်ချင်းဆက်လမ်းနှင့် တံတားများအကြောင်းကို ရှင်းလင်းမြွက်ကြားခဲ့ပြီးနောက် အလှူရှင် Forever Group Co,.Ltd ဉီးဝင်းမော်က တံတားများလှူဒါန်းရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ တံတားဖွင့်ပွဲအထိမ်းအမှတ်အလံများကို အသီးသီး ပေးအပ်ခဲ့သည်။
ယင်းနောက် ရိုးဆုံချောင်း တံတားအား ရန်ကုန်မြို့ စမ်းချောင်း ဓမ္မစေတီဆရာတော် ဉီးပညာဝရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ Forever Group Co,.Ltd ဉီးဝင်းမော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်တို့အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဒေသခံပြည်သူများနှင့်အတူ တံတားသစ်ကြီးပေါ်သို့ ဖြတ်လျှောက်ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဘင်ခရာပန်းပွားအဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြပြီး ခရိုင်ချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားသည် မုံရွာ-ကျောက္ကာ-မလဲသာ-ကန်ရင်း-မင်းရွာ-သလဲဘာတံတားဖြစ်ပြီး ထိုမှတစ်ဆင့် ရွှေဘို-စစ်ကိုင်း လမ်းပေါ်ရှိ ဆားတောင်လမ်းဆုံအထိ၊ ထိုမှ တစ်ဆင့် ရွှေဘို-စစ်ကိုင်းလမ်းအတိုင်းမှ အုန်းတော လမ်းဆုံအထိ ထို့မှ တစ်ဆင့် စစ်ကိုင်းနှင့် မုံရွာသို့ လည်းကောင်း အပြန်အလှန် သွားလာနိုင်ကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြင်းမူမြို့နယ် လက်ပကျင်းကျေးရွာအုပ်စု ဝါကျကျေးရွာတွင် ဓမ္မစေတီဆရာတော် ဉီးပညာဝရ ဉီးစီး၍ ဆောက်လုပ်သော မုံရွာနှင့် စစ်ကိုင်းခရိုင်ချင်းဆက်လမ်း သာယာအေးတံတားဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားကာ အဆိုပါ တံတားသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိးဖြတ်ဖွင့်လှစ်ပေးပြီး တံတားကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရာတော်မြို့ မြို့နယ် ဉပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ဉပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးခန်းအတွင်း လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)