ရန်ကုန် ၅ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၆) ၌  SAVE THE AGED  သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတအသင်းမှ သက်ကြီး အဘိုးအဘွား များအား စောင့်ရှောက်နိုင်စေရန် ယနေ့ နံနက်ပိုင်းတွင် ဘိုးဘွားရိပ်သာ နှစ်ထပ်တိုးချဲ့ဆောင်အသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘိုးဘွားရိပ်သာတိုးချဲ့ အဆောင်သစ်ဖွင့်ပွဲနှင့်အတူ  SAVE THE AGED သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတ အသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် နှင့်  SAVE THE AGED  ဘိုးဘွားရိပ်သာ(၅)နှစ်ပြည့် အခမ်းအနားကိုကျင်းပရာ တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် SAVE THE AGED  သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ အသင်းမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

"ဂေဟာမှာ လမ်းဘေးမှာစွန့်ပြစ်ခံရတဲ့ အဘိုးအဘွားတွေလည်း ပါလာပြီးသူတို့မှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ရောဂါ တွေပါလာတယ်။ သူတို့ကို ဒီဂေဟာအဆောင်ထဲမှာ ကောင်းတဲ့ဘိုးဘွားတွေနဲ့ ရောထားတော့ ကောင်းတဲ့ဘိုးဘွားတွေပါ အခြားကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာတယ်။ အခု နှစ်ထပ်အဆောင်သစ်ကြီး ဖွင့်နိုင်တဲ့အပေါ်မှာ ကောင်းတဲ့ဘိုးဘွားနဲ့ ကျန်းမာရေး ထိခိုက်မှုရှိတဲ့ဘိုးဘွားတွေ သက်သက်စီခြားပြီး ထားမှာဖြစ်လို့ သူတို့နေရေး အတွက် အရင်ကထက်ကို အဆင်ပြေမှာပါ” ဟု  SAVE THE AGED သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ အသင်း စောင့်ရှောက်ရေး ဂေဟာ ဥက္ကဋ္ဌ ဒေါ်ဖြိုးသီရိ ကပြောသည်။

 

ယင်းသက်ကြီးရွယ်အို စောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးပရဟိတအသင်း စောင့်ရှောက်ရေး ဂေဟာတွင် အိမ်တိုင်ရာရောက် စောင့်ရှောက်ပေးသော အဘိုးအဘွား (၁၀) ဦး အပါ၀င် အဘိုးအဘွား အယောက် (၄၀) ကို စောင့်ရှောက်ပေးနေကြောင်း သိရသည်။

အာကာလင်း