မိုင်းဖြတ် ၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိဌာနဆိုင်ရာများသည် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေး၊ မီးဘေးကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းဖြတ်အုပ်စု၊ မိုင်းဖြတ်ကျေးရွာ ရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ထိန်းချုပ်ဓာတုဆေးဝါးများ လမ်းလွဲမရောက်စေရေး နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် တောမီး မရှို့ရေး အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းထွဋ်လွင် က ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့ ခေတ်မီတောင်စောင်းစိုက်ပျိုးနည်း စနစ်ဖေါ်ဆောင်စို့ ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက ရပ်ကွက်/ကျေး ရွာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင် က ရွေ့ပြောင်းတောင်ယာ မခုတ်ရေး နှင့် မီးတားစနစ်ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်း က ဂေဟစနစ်မျှတရေး ဝိုင်းဝန်းထိန်းသိမ်းပေး ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးတေဇထက်အောင်က မူးယစ်ဆေးဝါးနှင့်တောမီးရှို့ခြင်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အမှိုက်မီးခိုးငွေ့များနှင့် ကျန်းမာရေးပြဿနာများ ဟူသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း စသည်ဖြင့် အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသည် ကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေ ရန်၊ သစ်တောများပြုန်းတီးမှုမဖြစ်ရေးအတွက် ရွှေ့ပြောင်းတောင်ယာများခုတ်ထွင်ခြင်းမှ ထိန်းသိမ်းမှုရှိလာစေ ရန်၊ တောင်ယာ/ဥယာဉ်ခြံများ မီးရှို့ရာ၌ မီးတားစနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ ချရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးနိုင်မှုများ ရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်သည်။ ဟောပြောပွဲသို့ မိုင်းဖြတ်အုပ်စုအတွင်းရှိ ဟိုနား(လားဟူ၊ အာခါ)ရွာများမှ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။
ရှောလမွန် (ပြန်/ဆက်)