ရှားတော ၆ ဇန်နဝါရီ
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိတရားရရှိရန်နှင့် လိမ္မာစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သော ဓမ္မစကူးလ်ကျောင်းများ မြို့နယ်လုံးဆိုင်ရာ ကျောင်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် စလောင်းစုစည်း (မြရတနာ)ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ပထမဦးစွာ မြို့နယ်သာသနာရေးမှူး ဦးဌေးအောင် က ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်များကို စင်ပေါ်သို့ ပင့်ဆောင်ပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်ဓမ္မစကူးလ် ကော်မတီ၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ကြီးက သြဝါဒစကားများ မိန့်ကြားပြီး ရှားတောမြို့နယ် ဓမ္မစကူးလ် ကော်မတီ ဉက္ကဋ္ဌ မြို့နယ်သံဃနာယက အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ကြီးက သြဝါဒစကား မိန့်ကြားသည်။
ထို့နောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ၏ သြဝါဒစရိယဆရာတော် မြို့နယ်သံဃနာယက ဉက္ကဌ ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်ကြီးက အလှူရှင်(၄)ဦးဖြစ်သော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်၊ ပွန်ချောင်းကျေးရွာအလှူရှင်ကိုယ်စား အလှူရှင်(၁)ဦး၊ ဒေလဲဒူကျေးရွာအလှူရှင်ကိုယ်စား အလှူရှင်(၁)ဦး၊ စလောင်းကျေးရွာ အလှူရှင်ကိုယ်စား အလှူရှင် (၁)ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဓမ္မစကူးလ် ကော်မတီ အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တနုတ္တရ၊ စလောင်း စုစည်းကျောင်းမှ ဦးဆောင်ဆရာတော်၊ စလောင်းကျေးရွာ စလောင်းဓမ္မစကူးလ်ကျောင်းမှ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဇနက၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် မြို့နယ်ဓမ္မစကူးလ် ကော်မတီ ဉက္ကဌ ဆရာမကြီးဒေါ်နန်းနွံ တို့က ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ ချီးမြှင့်ခဲ့ရာ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့သည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး အခမ်းအနား ဒုတိယပိုင်းအဖြစ် နိဗ္ဗာန်ဈေးပွဲတော်များ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)