ပခုက္ကူ ၆ ဇန်နဝါရီ

 

ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်(နေ့သင်တန်း)များ ပူးပေါင်း၍ ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၁၈ ရက် အထိ  ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

 

08

 

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တက်ရောက်ဘွဲ့ယူသူများအတွက် ပညာသင်နှစ်နှင့်ပေးအပ်မည့် ဘွဲ့များအလိုက် အစမ်းလေ့ကျင့်ရက်များနှင့် ဘွဲ့ပေးအပ်မည့်ရက်များကို သတ်မှတ်ပေးထားရာ ၂၀၁၇-၂၀၁၈ ပညာ သင်နှစ် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များရရှိမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဇန်နဝါရီ (၃)ရက်မှ ၅ရက်အထိနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ ရရှိမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ (၁၅)ရက်ကြာ ဘွဲ့များအသီးသီးအပ်နှင်းသွားမည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉-ပညာသင်နှစ်၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ စုစုပေါင်းတက်ရောက်ဘွဲ့ယူသူ (၃၁၆၀)ဦး ရှိကြောင်း ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်လွင်၏ ပြောပြချက်အရ သိရသည်။

 

ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်မည့်သူများသည် အစမ်းလေ့ကျင့်ရက်နှင့် ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံ(အမျိုးသားများသာ) တို့အနက် မိမိတို့ကြိုက်နှစ်သက်ရာ ဝတ်ဆင်နိုင်ကြောင်း၊ အမျိုးသားများအနေဖြင့် နားကွင်း၊ နားကပ်များ ဝတ်ဆင်ခြင်းနှင့် အမျိုးသမီးများအနေဖြင့် သုံးလွှာလုံချည်များ ဝတ်ဆင်ခြင်းများကို ခွင့်မပြုကြောင်း၊ဘွဲ့နှင်းသဘင်တက်ရောက်ရန် ပျက်ကွက်သူများနှင့် အဝေးရောက် ဘွဲ့လျှောက် ထားသူများ၏ ဘွဲ့လက်မှတ်များကို ဘွဲ့နှင်းသဘင်ကျင်းပပြီး တစ်လအတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် သင်တန်းရေးရာဌာန၊ မော်ကွန်းထိန်းထံမှ သိရသည်။

 

ထို့အပြင် မန္တလေးအဝေးသင်တက္ကသိုလ်(ပခုက္ကူဌာနခွဲ) ၂၀၁၈ ပညာသင်နှစ်  (၂၂)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို အစမ်းလေ့ကျင့်မှုအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ (၂)ရက် အထိ (၁၀)ရက်ကြာ ဘွဲ့အပ်နှင်းပွဲ ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်ဘွဲ့ယူ လျှောက်ထားသူ ဦးရေ   (၁၈၆၉) ဦးရှိကြောင်း၊ ဘွဲ့နှင်းသဘင်တက်ရောက်ရန်လျှောက်ထားသူများသည် ဘွဲ့ဝတ်စုံ ငှါးရမ်းခွင့် တောင်းခံစာ ကို မိမိတို့ဘွဲ့ယူမည့်ရက်များအပေါ် သတ်မှတ်ထားသည့်ရက်များအလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပခုက္ကူတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနခွဲတွင် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး