နေပြည်တော် ၆ ဇန်နဝါရီ
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း၊ မူလနေရာများသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ လက်ရှိအခြေအနေများ၊ မူယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပူးပေါင်းရင်ဆိုင် ကျော်လွှားရမည့်စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ မဟာဗျူဟာ အပေါ်လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည် ထူထောင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူမှုအဖွဲ့ အစည်းများက ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်းများကို ဥပဒေ၊ စံ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး စိစစ်ညှိနှိုင်းရန် လိုအပ်မှုများ နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအားလုံးအခွင့် အရေးများကိုသာ တူညီမျှခံစားရရှိစေပြီး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် အဆင့်ကြိုးပမ်းလျက်ရှိကြောင်း၊ ဆောင်ရွက်မှုများသည် ရေရှည်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့်မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့်မဟာဗျူဟာများ လိုအပ်ချက်များကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ မဟာဗျူဟာများရှိမှသာ လုပ်ငန်းစဉ်များရေဆွဲဖော်ပြပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်၏ ရန်ပုံငွေ ခွဲဝေရာ၌ ပါဝင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာသည် မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေများ၊ နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် နိုင်ငံတော်အဆင့် အတည်ပြုရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏နေရပ်၊ အိုးအိမ်၊စည်းစိမ်များကို စွန့်ခွာရသည့် ဘေးဒုက္ခသည် ကြီးမားပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရာတွင် ဘေးကင်းလုံခြုံမှုရှိရန်၊ ဂုဏ်သိက္ခာရှိရန်နှင့်အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ပြီးရေရှည် တည်တံ့ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့်ပြန်လည် အခြေချနေထိုင်မှု ဖြစ်ရန်သည် အရေးကြီးပါကြောင်း၊ မိုင်းရှင်းလင်းရေးကိစ္စများနှင့် ပတ်သက်၍ ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခု မဟာဗျူဟာသည် ယာယီခိုလှုံရာ စခန်းများဖွင့်လှစ်ထားရသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ အားလုံးနှင့်ဆိုင်သည့် အခြေခံအချက်အလက်များ ပါဝင်အောင်ရေးဆွဲထားသော်လည်း လုပ်ငန်းစဉ်များ ရေးဆွဲကြရာတွင်မိမိတို့ဒေသ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ရေးဆွဲကြရန် အရေးကြီးပါကြောင်း၊ ပြည်သူများ အားလုံးသာ တူညီမျှခံစားရရှိရေးအတွက် နိုင်ငံ၏ ဦးတည်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ကို အစိုးရကအစဉ်တစိုက်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ လိုအပ်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ် ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ယာယီခိုလှုံရာ စခန်းများရှိ ကိုယ်စားလှယ်တိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ် နှင့်ပြည်နယ် အစိုးရတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်