မိတ္ထီလာ ၇ ဇန်နဝါရီ
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လုပ်ပြင်ကျေးရွာအနီးရှိ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၇၇၅၂ ပေမြင့်သည့် အရှေ့မြင်အနောက်မြင်တောင်ပေါ်သို့ ပဉ္စမအကြိမ်မြောက် တက်ရောက်သော တောင်တက်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မိတ္ထီလာခြေလျင်နှင့် တောင်တက် အသင်းတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေနဲ့ ရွာငံမြို့နယ်ထဲမှာရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၇၇၅၂ ပေ ရှိတဲ့ အရှေ့မြင်အနောက်မြင်တောင်ပေါ်သို့ ပဉ္စမအကြိမ်မြောက် တက်ရောက်တဲ့ တောင်တက်ခရီးအဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့မှာ မိတ္ထီလာက ထွက်ခွာပြီး လုပ်ပြင်ကျေးရွာမှာ တစ်ညအိပ်ရပ်နားပြီး နောက်တစ်နေ့မနက် စောစောမှာ အရှေ့မြင်အနောက်မြင်တောင်ပေါ်သို့ စတင်တက်ရောက်မှာ ဖြစ်ပါတယ်။ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေနဲ့ ၂၀၁၉-၂၀၂၀ တောင်တက်ခရီးရာသီမှာ နောက်ဆုံးတက်ရောက်မယ့် မြေသားတောင်တက်ခရီးစဉ်လည်းဖြစ်ပါတယ်။ဒီတောင်တက် ခရီးစဉ် ပြီးရင်လာမယ့် ဧပြီလထဲမှာ ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်ကို တက်ရောက်ဖို့ရှိမှာဖြစ်ပါတယ် ”ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာမြတ်မင်းက ပြောသည်။
မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေဖြင့် ၂၀၁၉-၂၀၂၀ တောင်တက်ခရီးရာသီတွင် ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေအရှေ့တောင်အနောက်တောင်၊လွယ်မိုင်းတောင်နှင့် လေးညအိပ် ပင်လယ်ကမ်းခြေ လမ်းလျှောက်ခရီးစဉ်များကို သွားရောက်ခဲ့ပြီးဖြစ်သည်။
အရှေ့မြင်အနောက်မြင်တောင်ပေါ်သို့ စတုတ္ထအကြိမ်မြောက် တက်ရောက်သည့်ခရီးစဉ်အဖြစ် ၂ဝ၁၈ ဇန်နဝါရီ ၅ရက်နေ့က အသင်းဝင် ၁၃၈ ဦး ပါဝင်၍ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေဖြင့် တက်ရောက်ခဲ့ပြီး တောင်တက်ခရီးစဉ်တိုင်းတွင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန် နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန်ရည်ရွယ်ပြီး love nature and leave no trace ဆောင်ပုဒ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓါတ်ပုံ ချမ်းသာ (မိတ္ထီလာ)