ပေါက် ၇ ဇန်နဝါရီ
ပေါက်မြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဟိန်းသူနှင့် မီးသတ်တပ်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ပေါက်မြို့မဈေးအတွင်းရှိ ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများတွင် အရေးပေါ်အလွယ်တကူ ငြိမ်းသတ်နိုင်မည့် မီးသတ်ဆေးဘူးများ အသင့်ချိတ်ဆွဲထားပြီး အသုံးပြုနိုင်မှု ရှိ၊မရှိနှင့် ဆိုင်ခန်းများတွင် အသုံး ပြုနေသော လျှပ်စစ်မီးလိုင်းများစနစ်တကျ သွယ်တန်းထိန်းချုပ်မှုနှင့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်မှု ရှိ၊မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဈေးသူ၊ ဈေးသားများကို လျှပ်စစ်မီးအသုံးပြုပုံနှင့် မီး သတ်ဆေးဘူးကိုင်တွယ်အသုံး ပြုပုံများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)