မိုးညှင်း ၇ ဇန်နဝါရီ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၈၁ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လယ်မှီး အထက်တန်းကျောင်း (ခွဲ)၌ကျင်းပသည်။

ရှေးဦးစွာ မိုးညှင်းမြို့နယ် စာရေးဆရာ အသင်းဥက္ကဌ ဦးခင်မောင်ဦး(သစ္စာ-မိုးညှင်း)က အဖွင့်မိတ်ဆက် စကားပြောကြားပြီး ဦးတင်ဦး(မင်းကိုဦး-မိုးညှင်း)က မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဌ မနုသ ကျော်ဝင်းထံမှ ပေးပို့သည့် ၁၃၈၁ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ယင်းနောက် စာပေဟောပြောပွဲကို ကျင်းပရာမြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်သန်းညွန့် (ပန်းရွှေစင်မိုးညှင်း)က လူတော်လူကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဒေါ်ခင်မာဆွေ (တင်တင်ဆွေမာ-မိုးညှင်း) ကဗျာဖတ်စို့ စာဖတ်စို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မိုးညှင်းမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌက ကျောင်းစာကြည့်တွင်ထားရှိရန် စာအုပ်မျိုးစုံ ၅၀ အားပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ယခုကျင်းပသည့်စာပေဟောပြောပွဲ သို့ မြို့နယ်စာရေးဆရာ အသင်းနှင့်အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ ကျောင်းသား/ သူများတက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် မြို့နယ်စာရေးဆရာအသင်းအနေဖြင့် ကွင်းကြီးကျေးရွာတွင် စာပေဟောပြောပွဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး (မိုးညှင်း)