မကွေး ၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီ၊ ပုထိုးများနှင့် နံရံဆေးရေးပန်းချီများတည်ရှိရာ ပခန်းကြီးမြို့ဟောင်းဒေသအား သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြဆွေးနွေး၍ ယခုဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေများ တောင်းခံထားကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းက ပြောသည်။
အဆိုပါ ပခန်းကြီးမြို့ဟောင်းဒေသသည် ရှေးဟောင်းခံတပ်မြို့ဖြစ်သည့်အပြင် ဘုရား၊ စေတီ၊ ပုထိုးများနှင့် နံရံဆေးရေးပန်းချီများလည်း ပေါများစွာတည်ရှိနေခြင်းကြောင့် နိုင်ငံတကာခရီးသွားများ မကြာခဏဝင်ရောက်လေ့လာရာ နေရာဖြစ်သည့်အတွက် အမြင်တင့်တယ်စေရန်နှင့် ရှေးဟောင်းအမွေအနှစ် ဗိသုကာလက်ရာများ ပျက်စီးပျောက်ကွယ်ခြင်း မရှိစေရန် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်း၍ ဘတ်ဂျက်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ ဒီဒေသမှာရှိတဲ့ ရှင်မတောင်ဒေသ ဖွံ့ဖြိုးရေးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး သစ်ပင်ချစ်သူများအဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ရေရှိရေး၊ သစ်ပင်စိမ်းလန်းစိုပြည်ရေးနဲ့ ရှင်မတောင်ဒေသသွားတဲ့ လမ်းကိုလည်း ကတ္တရာလမ်းအဖြစ် ခင်းနေပါတယ်။ ဒါ့အပြင် ပခန်းကြီးမြို့ရိုးပတ်လမ်းကို ကျောက်စလစ်လမ်းခင်းဖို့ ဒီနှစ်ဘတ်ဂျက်ထဲမှာ ထည့်ပြီး တောင်းခံထားတယ်။ ဒါကြောင့် မြို့ရိုးလည်းလှပမယ်။ လမ်းတွေလည်း ကောင်းသွားမယ်။ ပခန်းကြီးမြို့ဟောင်းမှာရှိတဲ့ ဘုရား၊ စေတီတွေမှာ ပေါက်ရောက်နေတဲ့ သစ်ပင်ခြုံနွယ်တွေနဲ့ တစ်ချို့ထင်ရှားတဲ့ ဘုရားတွေ၊ နံရံဆေးရေးပန်းချီတွေ တည်ရှိရာနေရာတွေကို အလွယ်တကူ သွားရောက်လေ့လာ ကြည့်ရှုလို့ရအောင် ရှင်းလင်းပြီး မြင်ကွင်းကောင်းစွာ လေ့လာဖူးမြော်လို့ ရသွားမယ်ဆိုရင် ယခုထက်ပိုမိုပြီး ခရီးသွားဝင်ရောက်ဖို့ ဆွဲဆောင်စရာဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် အဆိုပါဒေသတွင် နိုင်ငံတကာခရီးသွားများအား ဆွဲဆောင်ပြသရန် ရှေးဟောင်းအမွေအနှစ်များသာမက ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် အိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ စကော၊ စကာလုပ်ငန်း စသည့် ရိုးရာလက်မှုလုပ်ငန်းများကိုလည်း လေ့လာကြည့်ရှုနိုင်စေပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် အဆိုပါပခန်းကြီးမြို့ဟောင်းဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ၎င်းဒေသတွင် ရုံးခွဲဖွင့်လှစ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
ပခန်းကြီးမြို့ဟောင်းဒေသကို သာသနာသက္ကရာဇ် ၃၆ ခုနှစ်တွင် သကျသာကီဝင်မျိုးနွယ် ဓနုသီဟမင်သားတစ်ပါးမှ စတင်တည်ထောင်ခဲ့ပြီး မင်းဆက်ခုနစ်ဆက် စိုးစံခဲ့ကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ယူခဲ့သည့် စာရင်းများအရ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ရှေးဟောင်းသာသနိက အဆောက်အဦပေါင်း ၃၃၃ ခုရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)