ဂန့်ဂေါ ၈ ဇန်နဝါရီ
ဂန့်ဂေါမြို့နယ်အတွင်း ကုလားပဲကို ယခင်နှစ်များက ဧက ၅၀ဝ မှ ၇၀ဝ ခန့်အတွင်းသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ဆောင်းရာသီတွင် ၂၆၄၅ ဧက စိုက်ပျိုးထားရာ ဧက ၂၀ဝ၀ ခန့် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
"အရင်က မိုးစပါးအပြီး တခြားသီးနှံတွေ စိုက်ခဲ့ပါတယ်၊ ခု ကုလားပဲကို စမ်းစိုက်ကြည့်တော့ ကုလားပဲဖြစ်တာ တွေ့ရပါတယ်၊ ကျွန်တော့စိုက်ကွင်းကတော့ သီးကြိုစိုက်တာပါ" ဟု လာပို့ကျေးရွာမှ ကုလားပဲစိုက် တောင်သူတစ်ဦးက ပြောပြသည်။
ကုလားပဲကို မိုးစပါးအပြီး လယ်သီးထပ်အဖြစ်လည်းကောင်း၊ စပါးမရိတ်မီ သီးကြိုအဖြစ် ရေလိုက်ကြဲသည့် လက်ဆင့်ကမ်း သီးနှံပုံစံဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း၊ ရေလိုက်ကြဲ သည့်စနစ်မှာ မြေပြုပြင်စရိတ် ကုန်ကျမှုမရှိခြင်း၊ အစိုဓါတ်မမီမည်ကို စိုးရိမ်ရန်မလိုခြင်းတို့ကြောင့် ပိုမိုကြိုက်နှစ်သက်ခြင်းဖြစ်ကြောင်း အဆိုပါတောင်သူမှ ဆက်လက်ပြောပြသည်။
ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှလည်း ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျော ညီထွေသည့် သီးနှံများ၊ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပညာပေး ဆွေးနွေးလျက်ရှိကြောင်း ဒုတိယဦးစီးမှူး ဦးမြင့်ဇော် ပြောပြချက်အရ သိရသည်။
တောင်သားမောင်သန်း