ဖားကန့် ၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယူမာကျေးရွာရှိ ကျောက်မျက်ရတနာအသင်း(ဖားကန့်) ရုံးစိုက် ရာ နေရာ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဒေသခံပြည်သူများတွေ့ဆုံပြီး ဒေသအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေက ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အစိုးရဌာနများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ဖြည့်ဆည်းပေးမှု ရှိ/မရှိ၊ ဝန်ကြီးဌာနတစ်ခုခြင်းအလိုက် ကတိကဝတ်များအား ဆောင်ရွက်ထားရှိမှုအခြေအနေများကို စိစစ်ခြင်း၊ ဝန်ကြီးဌာနများနှင့် ပြည်သူ့ လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ပေးခြင်းနှင့် ဒေသခံပြည်သူများအနေဖြင့် မိမိဒေသ၏ အခက် အခဲများကို ပွင့်ပွင့်လင်းလင်း သိရှိရန် လာရောက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲ၌ ဒေသခံပြည်သူများက ဒေသတွင်းကျောက်မျက်တူးဖော်သည့်ကုမ္ပဏီများ အနေဖြင့် ဒေသ၏ အကျိုးစီးပွားများတွင် တွယ်ကပ်မနေစေလိုပဲ အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြခြင်း၊ ကျောက်မျက်လုပ်ငန်းရှင်များက ကျောက်တူးဖော်ရာတွင် လက်ရှိဉပဒေအရ ကာလသတ်မှတ်ချက်သည် ခေါင်းပေါင်းကျင်းသည့်အနေအထားနှင့်ပင် လုပ်ငန်းသက်တမ်းကုန်ဆုံး ရမည့်အခြေအနေနှင့် ကြုံတွေ့ရပြီး နောက်တစ်ဖန်လုပ်ငန်းသက်တမ်းတိုးကာလတွင် ယခင်နေရာ အား ရရှိရန်မသေချာသည့်အတွက် မိမိတို့၏လုပ်ငန်းများတွင် အခက်အခဲရှိကြောင်း တင်ပြခဲ့ပြီး၊ သတင်းမီဒီယာ သမားများကလည်း ဖားကန့်မြို့တွင် ရေကြီးမှု၊ မြေပြိုမှုနှင့် ရေမဆေးသမားများနှင် ကုမ္ပဏီရှိဝန်ထမ်းများသေဆုံးမှုတို့သည် နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် အခြေအနေကို ဖြေရှင်း ဆောင်ရွက် ပေးနိုင်ပါရန် တင်ပြကြပါသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းအလိုက် တင်ပြလာသည့်အပေါ် မိမိတို့အနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းပြန်လည် ဖြေကြားသည်။
ထို့နောက် ၎င်းအဖွဲ့သည် ဖားကန့်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရေမဆေးကျောက် ရှာဖွေသူများနှင့် သီးခြားတွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များ၏ သဘောထား အမြင်များအပေါ် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငိုးပင်းမှော်နှင့်ဝါကျဲမှော်တို့တွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုကို လည်းကောင်း၊ ဝှေခါမှော်ရှိလုပ်ကွက်များ၊ ကောင်စံကျေးရွာ၊ တောင်းကော့ကျေးရွာ၊ မက်လင်ချောင်ကျေးရွာနှင့် မနကျေးရွာတို့ရှိ လုပ်ငန်းဆောင်ရွက်နေသော ကျောက်မျက် ကုမ္ပဏီများကို လည်းကောင်း၊ နန့်ဂျန်မြေစာပုံရှိ ရေမဆေးသမားများ၏ ကျောက်မျက် ရှာဖွေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)