ရန်ကုန် ၈  ဇန်နဝါရီ

 

၂၀၁၉-၂၀ ပညာသင်နှစ် ဒုတိယနှစ်ဝက် ကျောင်းပြင်ပ အလယ်တန်းပညာရေး နည်းပြ သင်တန်း ဖွင့်ပွဲကို ဇန်နဝါရီလ (၆)ရက် နံနက် (၉)နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မရမ်းမြိုင်ခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညို၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ပညာရေး တာဝန်ခံ ဒေါက်တာ ခင်မွန်ငြိမ်းတို့ အမှာစကား ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန မှ ဆရာကြီး ဆရာမကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ ဆရာမ (၅၅)ဦး တက်ရောက်ကြသည်။

 

0369875

 

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)သည် ပညာရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ် ဒုတိယအကြိမ် စမ်းသပ်ဆောင်ရွက်မှုကို မြို့နယ် (၈)မြို့နယ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန (၁)မြို့နယ်၊ ယူနီဆက် (၃)မြို့နယ်၊ ယူနက်စကို (၂)မြို့နယ်၊ Global Hobe (၁)မြို့ နယ်နှင့် နယ်စည်းမခြားအဖွဲ့ (၁) မြို့နယ်တို့က အသီးသီး တာဝန်ယူထောက်ပံ့ကြသည့်အပြင် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနတို့၏ ကူညီပံ့ပိုးမှုဖြင့် ပြည်တွင်းပြည်ပ အလှူရှင်ကြီးများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ် (၈)မြို့နယ်တို့တွင် Level 1,2,3 ကျောင်းသား ကျောင်းသူပေါင်း (၂၆၇)ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

 

ပထမအကြိမ် စမ်းသပ်ဆောင်ရွက်မှု (၃)နှစ်တာ ကာလပြီးမြောက်ချိန်တွင် ကျောင်းသား ကျောင်းသူ (၂၀ဝ)ဦးအနက် (၁၇၆)ဦး ၈၀% ခန့် အလယ်တန်းဆင့်ပြီးမြောက်ပြီး (၁၀၈)ဦး ၆၁% သည် အထက်တန်းဆင့်သို့ ဆက်လက်တက်ရောက်ကြကာ (၉)ဦး ၅% မှာ အသက်မွေးဝမ်းကြောင်း အထက်တန်းကျောင်းသို့ တက်ရောက်ပြီး (၄)ဦး ၂%မှာ အသက်မွေးကြောင်း (၃)လ သင်တန်းသို့ တက်ရောက်ကြသည့်အပြင် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေး အစီအစဉ်များသည် ကျောင်းပြင်ပရောက် ကလေးများကို ဒုတိယအခွင့်အလမ်း အနေဖြင့် ပညာသင်ယူခွင့်ရရန် ဆောင်ရွက်ပေးသော အစီအစဉ်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ သိရသည်။

 

MDN