ပဲခူး ၈ ဇန်နဝါရီ
ဇန်နဝါရီလ (၇)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ် စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန်က မိမိတို့ကုမ္ပဏီနှင့် ဟန်ဂေရီ နိုင်ငံမှ နည်းပညာရှင်းများနှင့် ပူးပေါင်း၍ ပဲခူးဒေသတွင် EV Bus Car (လျှပ်စစ်မော်တော်ကား) ထုတ်လုပ်ဖြန့်ဖြူးပြေးဆွဲခြင်းနှင့် တောင်သူအကျိုးပြု ဓာတုကင်းလွတ်စိုက်ခင်းများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး လာရောက်ဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက “ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရာသီဥတုဖောက်ပြန်၍ ရေ ဘေး၊ မီးဘေး၊ ငလျင်ဒဏ် စသည့်သဘာဝဘေးဒုက္ခများ ခံစားနေကြရကြောင်း၊ ယခုအခါ သဘာဝ ပတ်ဝန်းကျင် စဉ်ဆက်မပြတ် ပြန်လည်ဖွံ့ဖြိုးရှင်သန်နိုင်စေရန်အတွက် ဂေဟစနစ်များကို စနစ်တကျ ထိန်းသိမ်းလာနေကြပြီဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပြေးဆွဲခြင်းများသည် သဘာဝဂေဟစနစ် ပျက်စီးမှုကို လျော့ကျစေပြီး သယ်ယူပို့ဆောင်ရေးအတွက် အလွန်အသုံးဝင်မည်ဖြစ်ကြောင်း၊ တောင်သူအကျိုးပြု ဓာတုကင်းလွတ် သီးနှံစိုက်ခင်းများ ဖော်ဆောင်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ဖော်ဆောင်ရန် ရည်ရွယ်ချက်သည်လည်း ဒေသခံပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိနိုင်ပြီး စားသုံးသူများကိုလည်း ကျန်းမာရေး အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ယခုလာရောက်တင်ပြသည့် လုပ်ငန်းစဉ်(၂)ကို ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းစဉ်အသေးစိတ်အား ထပ်မံလာရောက်တင်ပြပေးစေလိုကြောင်း” ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Phyo Kyaw Co., Ltd မှ Corporate Executive Manager ဦးမင်းရှိန် ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)