ပြင်ဦးလွင် ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ပြင်ဦးလွင်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်ခရိုင်ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ Myanmar Fitness Dance ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ အပျော်တမ်းပြိုင်ပွဲများဖြစ်သည့် အပ်ထိုး၊ ဇကောရွက်၊ ဘောလုံးဂိုးသွင်း၊ အားလူးကောက်၊ မုန့်စား၊ ပူးပေါင်းဖောက်၊ ခုံဖိနပ်လမ်းလျှောက်၊ ဘောလုံးပစ်၊ ခါးလှည့်ကွင်း၊ ဂုန်နီအိတ်စွပ်၊ စကားပုံဆက် အရုပ်ဆက် နှင့် အိမ်ဆောက်ကစားနည်းပြိုင်ပွဲများ၊ ကလေးစာဖတ်ခန်း၊ စာအုပ်ဆိုင် (၄၀) ဆိုင် နှင့် ပြခန်း (၂၅) ခန်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်အား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပြင်ဦးလွင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသွားမည်ဖြစ်သောကြောင့် ကျောင်းသားလူငယ်များ၊ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများ လာရောက်ပါဝင်ဆင်နွှဲရန် အတွက် ပြခန်းများပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့်ကစားပွဲများပြုလုပ်ရန် နေရာများပြင်ဆင်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများနှင့် စာဖတ်ခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပွဲတော်ကာလအတွင်း အလှူရှင်များမှ နေ့စဉ် စတုဒီသာများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ခရိုင်၊ ပြန်/ဆက်)