မန္တလေး ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရွာတန်းရှည်ကျေးရွာ အနီးတွင် ဧရာဝတီလင်းပိုင် သေတစ်ကောင်အား ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး အဆိုပါ သေဆုံးမှုသည် ဧရာဝတီလင်းပိုင်ထဲတွင် အကောင်အကြီးဆုံးဟု ယူဆရသည့် လင်းပိုင်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ပြောချက်အရ သိရသည်။
သေဆုံးသည့် လင်းပိုင်အား ခရီးသွားမော်တော်တစ်စီးက တွေ့ရှိပြီး ဧရာဝတီလင်းပိုင် ရေလုပ်သားများရှိသည့် အင်ဒေါင်းကျေးရွာသို့ သယ်ဆောင်လာခဲ့ပြီး သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့က သွားရောက် စစ်ဆေးခဲ့သည်။
"သေတဲ့ ဧရာဝတီလင်းပိုင်က အကောင်အကြီးဆုံးလို့ ဆိုရမှာပါ။ သွားတွေလည်း တိုနေပြီး တချို့နေရာဆို အပေါက်ပဲ ကျန်တော့တယ်။ ပိုပြီးသေချာအောင် ဗိုက်ခွဲပြီး အစာအိမ်တွေဘာတွေ ဖွင့်ကြည့်တဲ့အခါကျတော့ အစာအိမ်ထဲမှာ ဘာအစာမှမရှိဘူး။ ဒါ့ကြောင့် ဒါဟာ အသက်ကြီးလို့ ဓမ္မတာအတိုင်း သေဆုံးတာဖြစ်တယ်လို့ သုံးသပ်တယ်။"ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဦးကျော်လှသိန်းက ပြောသည်။
သေဆုံးသည့် ဧရာဝတီလင်းပိုင်မှာ အထီးဖြစ်ပြီး အလျား ၇ ပေ ၃ လက်မရှိသည်။ ယခင်က သေဆုံးခဲ့သည့် ဧရာဝတီလင်းပိုင်မှာ ၇ ပေ ၂ လက်မသာရှိပြီး လင်းပိုင်တစ်ကောင်၏ သက်တမ်းမှာ နှစ် ၃၀ မှ ၅၀ အတွင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲက မန္တလေး - ဗန်းမော် ဧရာဝတီလင်းပိုင်းကောင်ရေ စစ်တမ်းကောက်ယူမှုအရ ဧရာဝတီလင်းပိုင် (၇၂) ကောင်ရှိပြီး ၂၀၁၉ ခုနှစ်က ဧရာဝတီလင်းပိုင် သေဆုံးမှု (၃) ခု ရှိခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအချိန်က ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေး - ကျောက်မြောင်း ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် အကောင်ပေါက် နှစ်ကောင်တွေ့ရှိထားကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
သူရိန်လင်း
ဓာတ်ပုံ-WCS Myanmar