လွိုင်ကော် ၈ ဇန်နဝါရီ
တိုးတက်လာသော မြို့ပြလူနေမှု စနစ် နှင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များပြား လာမှုကြောင့် မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသွားလာရန် ကျဉ်းမြောင်းလာသဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တောင်ငူ− လိပ်သို− ယာဒို− လွိုင်ကော်− ဟိုပုံးလမ်း ဘီလူး ချောင်းဖြတ် ကန္ဒရဝတီတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတံတား၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိမိတို့ပြည်နယ်သည် အသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံးဖြစ်ပြီး သေးငယ်ပြီး လူဦးရေနည်းသော်လည်း အခြားတိုင်း/ ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် (၄)နှစ်ကျော်ကာလ အတွင်း ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်သည် နိမ့်ကျမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ယခုအခါ မိမိတို့ပြည်နယ်တွင် တံတားကြီး(၅)စင်းနှင့် သံတံတား (၁)စင်းရှိပြီး ဖြစ်ကြောင်း၊ ယင်းအခြေအနေသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ကြိုးပမ်းဆောင်ရွက်မှုများကြောင်းဖြင့်ပြီး ယင်းနှင့် သက်ဆိုင်သည့် မိတ်ဖက်ဌာနများအပြင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်မှု ရရှိနေ ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ လွိုင်ကော်မြို့ အနေနှင့် အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံးမြို့တော်ဆု ကို ရရှိထားပါကြောင်း၊ သေးငယ်သော်လည်း ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ကယားပြည်နယ်၏ တော်တောင်ရေမြေအလှ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို လာရောက် ကြည့်ရှုလို၍ ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးသားမှု၊ မေတ္တာစေတနာများကြောင့် လာရောက် နေကြခြင်း ဖြစ်ကြောင်း၊ ယင်းသို့ အောင်မြင်နေခြင်းသည်လည်း အစိုးရ တစ်ရပ်တည်း၏ ဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ ပြည်သူများ ကိုယ်တိုင်ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေမှုကြောင့် ဖြစ်ကြောင်း၊ ယင်းအခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ယခု ထက်ပိုမိုစည်းလုံး အားကောင်းပြီး ပိုမိုညီညွတ်စွာဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခု တံတား အဆင့်မြှင့်တင်ပေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများအားလုံးက ထိန်းသိမ်း စောင့်ရှောက် ပေးရန်လိုကြောင်း၊ သို့ဖြစ်ရာ ပြည်သူများအနေနှင့် ရရှိထားသည့် ဒီမိုကရေစီ၏ အနှစ်သာရကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့အကျိုး ၊ မိမိတို့ပြည်နယ်အကျိုး၊ နိုင်ငံ့ အကျိုးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် နိုင်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒေသခံပြည်သူများကိုယ်စား မင်းစုရပ်ကွက်နေ ဦးစိုးညွန့်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ကန္ဒရဝတီတံတားသစ်အား ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့် ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ နှင့် မြို့မိမြို့ဖ ဦးစဝ်သန်းဝင်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ကန္ဒရဝတီတံတား ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်အား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်းနှင့် တံတားအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့၊ ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားအား (၁၉၈၅) ခုနှစ်မှ စတင်၍ (၂၂)ပေအကျယ် (၂)လမ်း သွားအဖြစ် တည်ဆောက်အသုံးပြုခဲ့ပြီး နှစ်ပေါင်း(၃၄)နှစ် ကြာမြင့်ခဲ့ပြီးနောက် ယခုနှစ် နောက်ပိုင်းတွင် လမ်းအသုံးပြုမှု များပြားလာသည့်အတွက် လမ်းတံတား ချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် (၉၉၉. ၉၉) သန်းဖြင့် (၁.၄.၂၀၁၉)ရက်နေ့မှ စတင်အဆင့်မြှင့်တင် တည်ဆောက် ဆောင်ရွက်ခြင်းများကို တံတားအထူးအဖွဲ့ (၆) ၊ နေပြည်တော်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ရပ်ကွက်ကျေးရွာနေ တိုင်းရင်းသားပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူတို့က တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး

