ညောင်ဦး ၈ ဇန်နဝါရီ
ပုဂံ-ညောင်ဦးဒေသရှိ ထင်ရှားကျော်ကြားသည့် ဘုရားများအနီးတွင် ပုဂံရောက် အမှတ်တရ လက်အလှပန်းချီ ရေးဆွဲပေးသည့်ဆိုင်များကိုတွေ့ရပြီး ဘုရားဖူးရာသီကာလများနှင့် အစိုးရ ရုံးပိတ်ရက်များ၌ ပန်းချီရေးဆွဲသူများ ဝင်ငွေကောင်းကာ တစ်ရက်ဝင်ငွေ တစ်သိန်းကျပ်ခန့် ရသူများရှိနေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်အလှပန်းချီရေးဆွဲမှုကို ပြည်တွင်းဘုရားဖူးများနှင့် နိုင်ငံရပ်ခြားဧည့်သည်များက စိတ်ဝင်စားမှု များပြားပြီး ရှေးဟောင်းဘုရားနံရံများရှိ ပုဂံခေတ်ပန်း၊ကနုတ်လက်ရာများအား လက်ဖျံ၊ လက်ဖမိုး ၊ လက်ချောင်း ၊ လက်မောင်း နှင့် လည် ဂုတ်ဘေးစောင်းများတွင် ပုဂံရောက်အမှတ်တရအဖြစ် ရေးထိုးနေကြခြင်းကြောင့် ပန်းချီရေးဆွဲပေးသူများ အဆင်ပြေနေခြင်း ဖြစ်သည်။

“ကနုတ်ပန်းလက်ရာအလိုက် တစ်ပုံကို နှစ်ထောင်သုံးထောင် ယူပါတယ်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေ ၊ ရုံးပိတ်ရက်တွေ နဲ့ တန်ခူးလ ၊ သီတင်းကျွတ်လတွေမှာ ဘုရားဖူး နဲ့ ဧည့်သည်တွေ အများကြီးလာကြပါတယ်။ တစ်ရက်ကို ဦးရေငါးဆယ် ဆွဲပေးရရင်တောင် တစ်သိန်းရနေပြီ။ ဧည့်သည်ပါးတဲ့အချိန်တွေဆိုရင်တောင် တစ်ရက်သောင်းဂဏန်းလောက် တော့ ရပါတယ် ” ဟု မြင်းကပါကျေးရွာနေ ဦးဝင်းမြင့်အောင်က ပြောသည်။

လက်အလှပန်းချီဆွဲတဲ့သူအများစုမှာ တစ်ရွာလုံးယွန်းထည်လုပ်ငန်းလုပ်သည့် မြင်းကပါရွာမှဖြစ်ပြီး ဝင်ငွေရ အလုပ်တစ်ခုအဖြစ် လက်အလှပန်းချီရေးသူ ဦးရေတစ်ရာခန့်ရှိကြောင်း ၊ ပန်းချီကို ကာလာရောင်စုံ ရေးဆေးများဖြင့်ရေးဆွဲပြီး ရေဖြင့်မပွတ်မဖျက်လျင် သုံးရက်အထားခံကြောင်း ၊ အိန္ဒိယနွယ်ဝင်များ၏ တောင်းဆိုမှုအရ မင်္ဂလာဆောင်များတွင်သုံးသည့် ဒန်းဆေးဖြင့် ရေးဆွဲပေးရခြင်းများလည်းရှိနေပြီး ဒန်းဖြင့်ရေးလျှင် ဆယ်ရက်ခန့်အထားခံကာ လက်ခမှာလည်း နှစ်ဆပို၍ ရကြောင်း လက်အလှပန်းချီလုပ်ငန်းလုပ်သူများထံမှ သိရသည်။
“နိုင်ငံခြားသားတွေကို ယွန်းထည်တွေရောင်းရင်း သူတို့နဲ့ပါလာတဲ့ ကလေးတွေလက်မှာ ကနုတ်ပန်းလေးတွေ အလှရေးပေးတော့ အခြားမြင်တဲ့သူတွေက ကျွန်တော်တို့လည်း ဆွဲပေးပါလို့ ပြောလာကြတယ်။ အဲဒီကတစ်ဆင့် ဖေ့စ်ဘွတ် တွေကနေ လူတွေသိကုန်ပြီး အခကြေးငွေနဲ့ရေးဆွဲတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတာပါ။ ဒီလိုဖြစ်လာတာ ၃ နှစ်လောက်ရှိပြီ ” ဟု မြင်းကပါရွာမှ ဦးဝင်းမြင့်အောင်က ပြောသည်။
ယွန်းထည် နှင့် ပိတ်ပန်းချီလုပ်ငန်းလုပ်ကိုင်သည့် မြင်းကပါရွာတွင် ကလေးငယ်များက မိဘလုပ်ငုတ် လက်ရင်းကို လက်ဆင့်ကမ်းသင်ယူနေကြပြီး သက်မွေးပညာတတ်မြောက်နေခြင်းကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကြီးမှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်သည့် ရတနာသိုက်ကြီးသဖွယ်ဖြစ်နေကြောင်း ဒေသခံများထံ မှ သိရှိရသည်။
ဇေယျတု(မကွေး)