နေပြည်တော် ၈ ဇန်နဝါရီ

မြန်မာနိုင်ငံ၏ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အား ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

0058

 

အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်သည် လုပ်ငန်းတစ်ခုလုံး၏ အစဦးဆုံးဖြစ်ပြီး ယင်းသဘောတူစာချုပ် ချုပ်ဆိုပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းစဉ် အများအပြားရှိပါကြောင်း။

e-ID စနစ်လုပ်ငန်းသည် e-Government စနစ်၏ အခြေခံအကျဆုံးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် ကြီးမားကျယ်ပြန့်ပြီး အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ယင်းလုပ်ငန်းနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသော်လည်း တတ်ကျွမ်းနားလည်သည့် ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ သုံးသပ်ချက်၊ ဆွေးနွေးအကြံပြုချက်များအား အလေးထား မှတ်သားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများကို ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသော်လည်း ဖွဲ့စည်းထားသည့် e-ID ဆိုင်ရာ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ဩစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်းအဆိုပြုလွှာအရ e-ID စနစ် စီမံကိန်းကို (၂)နှစ်တာကာလအတွင်း အဆင့် (၃)ဆင့်ဖြင့် အကောင်အထည်ဖော်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုတင်ပြထားသည့် လုပ်ငန်းသဘောတူစာချုပ်(မူကြမ်း)ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ လုပ်ငန်းဆိုင်ရာ ပတ်သက်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ e-Government ဦးဆောင်ကော်မတီမှ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဆပ်ကော်မတီများ၏ သဘောထား မှတ်ချက်များရယူ၍ e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီများဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)အား လိုအပ်သည်များ ညှိနှိုင်းပြင်ဆင်ပြီးနောက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (Development Assistance Policy - DAP) ပြဋ္ဌာန်းချက်များအရ စီးပွားရေးရာကော်မတီသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသူများအနေဖြင့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)အား လိုအပ်ချက်များရှိပါက အကြံပြု ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် ဝန်ကြီးဌာနနှင့် OeSD ကုမ္ပဏီတို့အကြားချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အပေါ် တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို  သုံးသပ်အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး e-ID စနစ် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်