၈ ဇန်နဝါရီ
မြန်မာလူငယ်ဘောလုံးသမားများသည် ဧပြီလတွင် ဂျပန်နိုင်ငံသို့ ခြေစမ်းလေ့လာရေးခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ကစားသမားရွေးချယ်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယင်းခရီးစဉ်အတွက် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အသက် ၁၄ နှစ်အောက်ပြိုင်ပွဲများမှ ထူးချွန်သည့်ကစားသမားများ၊ အလားအလာရှိသည့် ကစားသမားများကို ရွေးချယ်ကာ ဇန်နဝါရီ ၈ ရက်မှ ၁၀ ရက်အထိ လူရွေးပွဲကျင်းပနေခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပခဲ့သည့် MPT U-14 Football Tournament 2019 ပြိုင်ပွဲများ၊ MFF 100 Plus တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတို့မှ အလားအလာရှိသည့် ကစားသမား ၇၅ ဦးကို ငါးသင်းခွဲကာ လူရွေးပွဲများ ကျင်းပနေခြင်းဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၅ ဦး ရွေးချယ်မည်ဖြစ်ပြီး ဧပြီလဆန်းတွင် ဂျပန်လူငယ်ကစားသမားများနှင့် ပူးတွဲလေ့ကျင့်ခြင်း၊ ခြေစမ်းပွဲကစားခြင်းများ ပြုလုပ်မည့်အပြင် ဂျေလိဂ်ပွဲစဉ်များကိုလည်း ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မျိုးဆက်သစ်လူငယ် ဘောလုံးသမားများ ထွက်ပေါ်လာစေရန်နှင့် အလားအလာရှိသည့် ကစားသမားများ အရည်အသွေး ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ေရးအတွက် ဆောင်ရွက်လျက်ရှိပြီး လူငယ်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များလည်း အပါအဝင်ဖြစ်သည်။
ရဲရင့်ရှိုင်း