mdn

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီး အကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ကြသည်။

 

ကမ္ဘောဒီးယားနိုင်ငံ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

နှစ်နိုင်ငံအကြား နီးကပ်စွာနှင့် နှစ်ကာလကြာမြင့်စွာ တည်ထောင်ထားသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးအတွက် ဆက်လက်တိုးချဲ့မြှင့်တင်သွားနိုင်မည်ဟု မိမိအနေ ဖြင့် အခိုင်အမာယုံကြည်ပါသည်။

 

အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူများ အတွက် ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောမှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ သို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနာလ် တိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် တကွ မြန်မာပြည်သူ ပြည်သားများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နွေးထွေးလှိုက်လှဲစွာ ပြောကြားလို ပါသည်။

 

မိမိတို့၏အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများအကြား တန်ဖိုးထားအပ်သည့် ရင်းနှီး ခင်မင်မှုနှင့် နွေးထွေးမှုများကို မိမိအနေဖြင့် များစွာတန်ဖိုးထားပါသည်။ အဆိုပါ အရေးပါ လှသည့် ဆက်နွှယ်မှုကို နောင်လာမည့်နှစ်များအတွင်း ပိုမိုခိုင်မာလာစေရန် မျှော်လင့်ပါသည်။

 

အဆွေတော်ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။

 

အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါ သည်။

 

ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့သည် အဓွန့်ရှည်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံအကျိုးတူ ကဏ္ဍနယ်ပယ်အများ အပြားတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့၏ အာဆီယံ ဒေသတွင်း အားထုတ်ကြိုးပမ်းမှုနှင့် နှစ်နိုင်ငံအကြား အထူးတန်ဖိုးထားသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေးအတွက် ဆက်လက်၍ အတူတကွ ဆောင်ရွက်သွားရန် မျှော်လင့်ထားပါသည်။

 

အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

နယ်သာလန်နိုင်ငံ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ အလက်ဇန္ဒြးထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သလျက် မြန်မာပြည်သူ ပြည်သားများ ရွှင်လန်းသာယာဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 

 ဂါနာသမ္မတနိုင်ငံ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဂါနာသမ္မတနိုင်ငံ သမ္မတ နာနာ အဒို ဒန်ကွာ အကူဖို-အဒို ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများအား နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သပါသည်။

 

လာမည့်နှစ်များတွင် နှစ်နိုင်ငံနှင့် ပြည်သူများအကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းရေးအတွက် ရှိရင်းစွဲ ဆက်ဆံရေးကို ခိုင်မြဲနက်ရှိုင်းစေရန် အဆွေတော်နှင့် နီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

 

အဆွေတော် ကျန်းမာပျော်ရွှင်စေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသူ နိုင်ငံသားများ ငြိမ်းချမ်းသာယာဝပြောစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ သမ္မတ ရူမန်ရဲ့ ဒဗ်ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်ထံသို့ ဘူလ်ဂေးရီးယား ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာပြည်သူပြည်သားများ သာယာဝပြော၍ ကြွယ်ဝချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

အခါအခွင့်ကြုံခိုက် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးများ အနာဂတ်တွင် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

 

မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့  ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဘွိုင်းကာ ဘာရီနော့ဗ်ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်ထံသို့ ဘူလ်ဂေးရီးယား အစိုးရကိုယ်စား မိမိအနေဖြင့်  လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

 

မြန်မာနိုင်ငံနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ၌ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

 

မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

ယူကရိန်းသမ္မတနိုင်ငံ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ယူကရိန်းသမ္မတနိုင်ငံ သမ္မတ ဗိုလိုဒီဗီးရ် ဇီလန်းစကီးထံမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၇၂) ၂ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်ထံသို့ ယူကရိန်း ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ယူကရိန်းနိုင်ငံတို့အကြား  အပြုသဘောဆောင်သော မိတ်ဖက် ဆက်ဆံရေးအပေါ် အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာမူဘောင်အောက်တွင် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဟု မျှော်လင့်ပါသည်။

 

အခါအခွင့်ကြုံခိုက် အဆွေတော် ကျန်းမာ၍ လုပ်ငန်းဆောင်တာများ အောင်မြင်ပါစေကြောင်းနှင့် မြန်မာပြည်သူ ပြည်သားများ ငြိမ်းချမ်းမှုစည်းလုံးညီညွတ်မှုနှင့် သာယာဝပြောမှုတို့ရရှိစေရေး ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

ဖင်လန်သမ္မတနိုင်ငံ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဖင်လန်သမ္မတနိုင်ငံ သမ္မတ ဆူလီ နီနီစတိုထံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာ နိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။