ကန့်ဘလူ ၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၉)ရက်၊ နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ဘင်ခရာ (၇) ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှိုင်မြင့်ဟန်၊ ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်၊ ထူးချွန်ကျောင်းသား၊ကျောင်းသူ မောင်ဟိန်းထက်ဝင်း၊ မခိုင်ဇာလင်းတို့က ကင်းထောက် မောင်မယ်၊ ကျောင်းသား၊ကျောင်းသူ(၂၀ဝ) ဦး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖ များ ခြံရံလျက် ကလေးစာပေပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကန့်ဘလူမြို့တွင် ကျင်းပသော ကလေးစာပေ ပွဲတော်တွင် ကလေးများ စာအုပ်စာပေကို နှစ်သက်မွေ့လျောကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာ စေရန်၊ ပွဲတော်တွင် ပျော်ရွှင်ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်း များ ဖြစ်လာစေရန်၊ ပညာဗဟုသုတနှင့် ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ စာပေပွဲတော်ကို ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်၊ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် ခရိုင်အဆင့် ကလေးစာပေပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ (၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်ပြီးကန့်ဘလူခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးတင်ထူးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။ထို့နောက် ဆုအဆင့်မြင့်ဘော်ဒါမှ ကျောင်းသား၊ ကျောင်းသူလေးများက အပျိုတော်ယိမ်း တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ကာဘိုး)မှ ကျောင်းသား၊ ကျောင်းသူလေးများက ငြိမ်းချမ်းရေးလိုတယ် တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(သစ်ရာမြိုင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုအင်အား တေးသီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းနှင့် တာဝန်ရှိသူများက ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ကျင်းပလျက်ရှိသည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကလေးစာပေပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင် များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကလေးစာပေပွဲတော်(ကန့်ဘလူ)ကို ဇန်နဝါရီလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် နံနက်(၉)နာရီမှ ညနေ(၄) နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ရာ ကလေးစာပေပွဲတော်သို့ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


