ကော့သောင်း ၉ ဇန်နဝါရီ
အလှကုန်ပစ္စည်းသုံးစွဲကြသည့် မြို့နေပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်ရေး တားမြစ်အလှကုန်များ ရောင်းချမှုရှိမရှိ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး အများပြည်သူအတွက် ဆိုးရွားစွာအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် တဖက်နိုင်ငံမှ ခွင့်ပြုချက်မဲ့ တင်သွင်းလာသည့် တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ လိုက်လံ စစ်ဆေးခြင်း၊ ရောင်းချလျှက်ရှိသည့် တားမြစ်အလှကုန်ပစ္စည်းများအား ပြည်သူများ အကျိုးအလို့ငှာ ဖျက်ဆီးရန် အဖွဲ့စုံဖြင့် သိမ်းဆည်းခြင်း၊ ရောင်းချသူများအား ဆက်လက်ရောင်းချခြင်းမပြုကြရေး ဆက်လက် ရောင်းချပါက စားသုံးသူရေးရာဥပဒေများအရ ကျခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိသင့် သိထိုက်သည်များကို အသိပညာပေးခြင်း စသည့်လုပ်ငန်းများ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)