ရန်ကုန် ၉ ဇန်နဝါရီ
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာစျေး တည်ဆောက်ရေးလုပ်ငန်းကို Sun Myat Tun ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်လျက်ရှိရာ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး ဆိုင်ခန်းများကို အရစ်ကျ အတိုးမဲ့စနစ်ဖြင့် ရောင်းချလျက်ရှိရာ ၅၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးနေပြီဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီက လက်ရှိရောင်းချနေတာက ၅ လွှာ၊ ၆ လွှာ၊ ၇ လွှာမှာရှိတဲ့ ၁၀ ပေပတ်လည်ရှိတဲ့ စျေးဆိုင်ခန်းတွေပါ၊ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ၂၂ လ အတိုးမဲ့ လစဉ်ပေး အရစ်ကျစနစ်နဲ့ ရောင်းပေးနေပါတယ်၊ ၅ လွှာမှာက ဆိုင်ခန်းနှစ်ရာကျော်၊ ၆ လွှာမှာက ဆိုင်ခန်း ၂၀၀ နီးပါး၊ ၇ လွှာမှာလည်း ဆိုင်ခန်း နှစ်ရာနီးပါး ရှိပါတယ်၊ အောက်က အခန်းတွေက စည်ပင်ကပိုင်တာပါ” ဟု SMT Show Room မှ အရောင်းတာဝန်ခံက ပြောသည်။
“ကုမ္ပဏီကပဲ တာဝန်ယူဆောက်လုပ်တာပါ၊ ကျွန်တော်သိရတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ၂၂ ဒသမ ၈၉ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီလို့ သိရပါတယ်၊ တည်ဆောက်ပြီးစီးမှ ကျွန်တော်တို့ကို လွှဲပြောင်းပေးမှာပါ၊ စျေးဆိုင်ခန်းတွေ ရောင်းတာလဲ ကုမ္ပဏီကပဲရောင်းနေတာပါ၊ မင်္ဂလာမွန်စျေး အပေါ်ထပ် ၅ လွှာမှာ ကုမ္ပဏီရုံးခန်းရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန၊ မင်္ဂလာစျေးတာဝန်ခံ ကိုကျော်စိုးဝင်းက ပြောသည်။
အဆိုပါ စျေးသစ်ကြီးအား SMT ကုမ္ပဏီက အထပ်ပေါင်း ၁၃ ထပ်ဖြင့် တည်ဆောက်နေပြီး LG ထပ်တွင် စားသောက်ဆိုင်၊ ဘဏ်နှင့် Super Market များ၊ ၅၊ ၆၊ ၇ ထပ်များတွင် စျေးဆိုင်ခန်းများ၊ ၈ လွှာတွင် ကားပစ္စည်းများ၊ ၉ လွှာနှင့် ၁၀ လွှာတို့တွင် ဂိုဒေါင်များ၊ ၁၁ လွှာနှင့် ၁၂ လွှာတို့တွင် ရုံးခန်းများ၊ အပေါ်ဆုံးထပ် ၁၃ လွှာတွင် ရုပ်ရှင်ရုံများ ပါဝင်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
ထို့ပြင် ဓာတ်လှေကား ၁၈ စင်း၊ ကုန်တင်ဓာတ်လှေကား ၃ စင်း၊ ကားအစီး ၇၅၀ ရပ်နိုင်သည့် ကားပါကင်များလည်း ပါရှိသည်။
သန့်ဇင်ဝင်း