ညောင်ဦး ၉ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ ဆရာတော်၊ သံဃာတော်များနှင့် ကိုရင်သာမဏေ အပါး ၂၀၀၀ ခန့်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များနှင့် ကိုရင်သာမဏေများအား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲသို့ ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊  စေတနာအလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများက ပင့်ဖိတ်ထားသည့် ဩဝါဒဆရာတော်ကြီးနှင့် သံဃာတော်များ၊ ကိုရင်သာမဏေများ စုစုပေါင်း သံဃာအပါး ၂၀၀၀ ခန့်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း ကုသိုလ်ပြု လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
 
ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော်ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် ပုဂံမြို့၊ အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ပြာသိုလဆန်း ၈ ရက်မှ ပြာသိုလကွယ်အထိ ပျော်ပွဲရွှင်ပွဲများနှင့် အငြိမ့်ဇာတ်ပွဲသဘင်များ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဘုရားပွဲလာပြည်သူများ စိတ်အပန်းဖြေ ကြည့်ရှုနိုင်ရေး ပျော်ပွဲရွှင်ပွဲနှင့် အငြိမ့်ဇာတ်ပွဲများ ထည့်သွင်းကျင်းပခြင်း၊ ဘုရားပွဲကျင်းပရက်များတွင် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ အိမ်အတွက်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်ရေးအတွက် (၁၂)ပွဲဈေးသည်များ လာရောက်ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်ခန်းပေါင်း ၂၀၀၀ ခန့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ထို့အပြင် မြို့နယ်အတွင်းရှိ အညာကျေးလက်နေ ပြည်သူများအတွက် တောင်သူလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များ ပါဝင်သည့်အတွက် ကျေးလက်နေပြည်သူများက ပြာသိုလတွင် ကျင်းပသည့် အာနန္ဒာဘုရားပွဲတော်ကို လှည်းယဉ်များဖြင့် လာရောက်ကာ တောင်သူလုပ်ငန်းသုံးပစ္စည်းများကို အားထားဝယ်ယူလေ့ရှိကြောင်း သိရသည်။ 

သတင်း- ရဲဝင်းနိုင်(ညောင်ဦး)၊ ဓာတ်ပုံ- ဇော်လေး (ညောင်ဦး)