နေပြည်တော် ၉ ဇန်နဝါရီ

 

လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် ကျဆင်းလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူပေးနိုင်ရန်အတွက် ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ရန်ပုံငွေထပ်မံလိုအပ်ချက် ရှိ/မရှိကို ဆွေးနွေးကြရန်လိုကြောင်း၊ အခြေခံစပါးဈေးနှုန်းဖြင့် စပါးဝယ်ယူပေးနိုင်ရေး ကြေညာချက်ထုတ်ပြန်ပြီးနောက် စပါးဈေးသည် အတက်ဘက်သို့ ဦးတည်လာကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊  နွေစပါးများပေါ်ထွက်လာချိန်တွင် လိုအပ်ပါက  ယခုကဲ့သို့ ဝယ်ယူပေးနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲတင်ပြပေးရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့က တင်ပြလာသည့် ကိစ္စများအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်းပြီး ကွင်းဆင်းဆွေးနွေးမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုစပါးဝယ်ယူရေးနှင့် ပတ်သက်၍ အောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်းချက်များရှိသလို အမှားအယွင်းမရှိအောင် အဆင့်ဆင့် စိစစ်ကြပ်မတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက လက်ရှိစပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ ဝယ်ယူရေးအစီအစဉ် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ထို့ပြင် အစည်းအဝေးတွင် အခြေခံရည်ညွှန်းဈေးအောက် ကျရောက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေးဖြင့် တင်ဒါခေါ်ယူ၍  စပါးဝယ်ယူခဲ့သည့် အခြေအနေများကို ပြန်လည်သုံးသပ်ရန်၊ မိုးစပါးဝယ်ယူပြီးပါက နွေစပါး ဆက်လက်ဝယ်ယူနိုင်ရေးအတွက် တက်ရောက်လာသူများက အကြံပြုချက်ပေးနိုင်ရန်၊ အဆိုပါတိုင်းဒေသကြီး (၃)ခုတွင် စပါးဝယ်ယူနိုင်ရေး ရန်ပုံငွေထုတ်ပေးပြီးနောက် တနင်္သာရီတိုင်းဒေသကြီးက အခြေခံရည်ညွှန်း ဈေးနှုန်းဖြင့် စပါးဝယ်ယူနိုင်ရေး တင်ပြလာသည့်အတွက် ကျန်ရှိသောရန်ပုံငွေအနက် ငွေပမာဏ မည်မျှထုတ်ပေးနိုင်ရေး ညှိနှိုင်းဆုံးဖြတ်ရန်နှင့် ကယားပြည်နယ်က တင်ပြလာသော တောင်သူများအတွက် စိုက်ပျိုးစရိတ် ကာမိစေရေးနှင့် ထိုက်သင့်သော အကျိုးစီးပွား ဖြစ်ထွန်းစေရေးတို့အတွက် ထွက်ရှိလာမည့် သီးနှံများအပေါ် ကာလပေါက်ဈေး (သို့မဟုတ်) သီးနှံဈေးကောင်းရရှိရေးနှင့် ဈေးကွက်ရရှိရေးတို့ကို နိုင်ငံတော်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး တင်ပြလာမှုတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးကြသည်။

 

သတင်းစဉ်