၉ ဇန်နဝါရီ
၂၀၂၀ ရာသီ MNL ကလပ်အသင်းများ၏ ကစားသမား ခေါ်ယူမှုများတွင် နာမည်ကြီးအပြောင်းအရွှေ့များ ပါဝင်ခဲ့ပြီး လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ရတနာပုံအသင်းတွင် ပြန်ကစားခြင်းနှင့်အတူ နာမည်ရ ပြည်တွင်းကစားသမားများ၏ အပြောင်းအရွှေ့များလည်း ဖြစ်ပေါ်ခဲ့သည်။
အပြောင်းအရွှေ့ဈေးကွက်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အထိ ဖွင့်လှစ်ပေးခဲ့ပြီး အသင်းကြီးများက ဦးဆောင်ခဲ့သည်။ အပြောင်းအရွှေ့ဈေးကွက်တွင် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ဦးဆောင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအပါအဝင် အခြားအသင်းများ၏ ခေါ်ယူမှုများမှာလည်း စိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွင် လက်ရွေးစင်တိုက်စစ်မှူး အောင်သူ မိခင်ကလပ်ဖြစ်သည့် ရတနာပုံအသင်းတွင် ပြန်လည်ကစားခြင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့ပြီး သိန်းသန်းဝင်း၊ မြတ်ကောင်းခန့်နှင့် ဝင်းနိုင်ထွန်း စသည့် အမာခံကစားသမားများ ထွက်ခွာသွားမှုကို ရတနာပုံအသင်းအနေဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရွေးစင်အဆင့် ကစားသမားများဖြစ်သည့် သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင်၊ မောင်မောင်ဝင်း၊ အောင်ကျော်နိုင်တို့အပါအဝင် ပြည်တွင်းကစားသမား ခုနစ်ဦးအထိ ခေါ်ယူထားသလို ဧရာဝတီအသင်းကလည်း မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းအပါအဝင် သီဟထက်အောင်၊ သန်းထက်အောင်တို့ကို ခေါ်ယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ရခိုင်အသင်းမှ မြန်မာ့လက်ရွေးစင်နောက်ခံလူ ငြိမ်းချမ်းတစ်ဦးတည်းကို ခေါ်ယူထားပြီး MNL ပြိုင်ပွဲဝင်အသင်းအားလုံး ပြည်တွင်းကစားသမားများ အသစ်ခေါ်ယူခဲ့သည်။
၂၀၂၀ ရာသီ MNL ပြိုင်ပွဲဝင်အသင်းများအနက် မကွေး၊ ရတနာပုံ၊ အား/ကာသိပ္ပံနှင့် Southern အသင်းတို့မှလွဲ၍ ကျန်အသင်း ရှစ်သင်းမှာ နိုင်ငံခြားသားကစားသမားများ အသုံးပြုမည်ဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက် (ယနေ့) စတင်မည်ဖြစ်ရာ မည်သည့်အသင်းက ကစားသမားခေါ်ယူမှု မှန်ကန်ပြီး ရလဒ်နှင့် စွမ်းဆောင်ရည်ပိုကောင်းသလဲဆိုတာ မြင်တွေ့ရတော့မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်