ဆိပ်ဖြူ  ၁၀ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီက ဆိပ်ဖြူ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများက ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်များနှင့်အတူ ဘက်စုံထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်လေးများ၏ အရည်အချင်း စွမ်းရည်များကို ဂုဏ်ပြုချီးမြှောက်နိုင်စေရန်၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူလေးများကို စံပြနမူနာယူ၍ ထူးချွန် ထက်မြက်သော ကျောင်းသား/ကျောင်းသူလေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်းသိရသည်။

 

mdn

 

ရှေးဦးစွာ ပညာရေးစုံညီပွဲတော်နှင့် အခမ်းအနားကို ဆိပ်ဖြူ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် ဖွင့်လှစ်ပေးပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်က အမှာစကားများပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်သူရက မြို့နယ် ပညာရေးစုံညီကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်နေခြင်းနှင့် ထူးချွန်းကျောင်းသား ကျောင်းသူလေးများအား ဂုဏ်ပြုဝမ်းမြောက်စကားများ ပြောကြားပေးခဲ့သည်။

 

ထို့နောက် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန် ကျောင်းသား/ ကျောင်းသူများကို ဆုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်မြို့နယ် ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူ (၂၇၈) ဦးအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍  ပညာရေးနယ်မြေအလိုက် အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်သူလေးများ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် ဆိပ်ဖြူ အထက်တန်းကျောင်း ရွှေရတု ဓမ္မာရုံတွင် ပြသထားသည့် သင်ထောက်ကူပစ္စည်း ပြခန်းနှင့် နဝမတန်းနှင့် ဒဿမတန်း ကျောင်းသားများက သိပ္ပံလက်တွေ့ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

စိုးလင်းနိုင်(IPRD)