ပဲခူး ၁၀ ဇန်နဝါရီ
ပဲခူးမြို့ ခုတင်(၅၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း အောင်သုခဓမ္မရိပ်သာ ဆရာတော် ဘုရားကြီးနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းထားသည့် အောင်သုခ(၄)ထပ် ဆေးရုံအဆောင်သစ် တည်ဆောက်နေမှုသည် ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံအဆောင်သစ်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် RAINFOREST CO.,LTDမှ စတင်ပန္နက်ရိုက် တည်ဆောက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ယခုနှစ်မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ယူတည်ဆောက်နေသည့် RAINFOREST CO.,LTDမှ ပရောဂျက်မန်နေဂျာ ဦးသန်းလွင်မှ ပြောခဲ့သည်။
ဆေးရုံကြီးတည်ဆောက်မှုအတွက် ငွေကျပ် သိန်းပေါင်း(၂၅၀ဝ၀)ကျော် ကုန်ကျမည် ဖြစ်ရာ အဆိုပါ ကုန်ကျငွေအားလုံးကို အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းခြင်း ဖြစ်သည်။
ယခုအခါ ခုတင်(၅၀ဝ)ဆံ့ ပဲခူးပြည်သူ့ဆေးရုံကြီးအတွင်း ပြည်ထောင်စု ဘတ်ဂျက်ဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ယာ(၄)လုံး တည်ဆောက်ခြင်းနှင့် ပုဂ္ဂလိက အလှူရှင် ဦးငွေရှိန် (ရွှေယုန်မင်း) မိသားစုတို့ လှူဒါန်းမှုဖြင့် စက်ရေတွင်း တူးဖော်နေခြင်းတို့ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
"ပဲခူးပြည်သူ့ဆေးရုံကြီးအား လူတန်းစားမရွေး၊ ဒေသခံပြည်သူများ အားလုံး ယုံကြည်အားထား၍ အသုံးပြုနိုင်သည့်၊ အရည်အသွေးပြည့်ဝသည့်၊ ကုသမှုများ ဆောင်ရွက်ပေးနိုင်သည့် အဆင့်မီ ပြည်သူ့ ဆေးရုံကြီးအဖြစ် ဖွံ့ဖြိုးတိုးတက် လာစေရေး"ရည်မှန်းချက်နှင့်အညီ ပဲခူးပြည့်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သော ဝန်ထမ်းများသည် Stakeholder များအားလုံးနှင့် ပူးပေါင်းလက်တွဲပြီး ဆေးရုံတစ်ခုလုံး ဘေးကင်းလုံခြုံမှုရရှိပြီး လူနာ၊ လူနာရှင်များနှင့် ဆေးရုံဝန်ထမ်းမိသားစုများအားလုံး စိတ်ပျော်ရွှင် ကျေနပ်မှု (Clients' Satisfaction and Provider' Satisfaction) တိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ဂျပန်နိုင်ငံရှိ ဆေးရုံများ တွင် အသုံးပြုလျက်ရှိသည့် 5S-KAIZENနည်းစနစ်များကို အသုံးပြုခြင်းအားဖြင့် ကုသရေး လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် Strategic Action Plan ရေးဆွဲ၍ စနစ်တကျဆောင်ရွက်နေကြကြောင်း၊ ဆေးရုံကြီး၏(၂)နှစ်တာ ကာလအတွင်း ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တမ်းစာအုပ်အရ သိရသည်။
ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအိမ်သာများအပါအဝင် ဆေးရုံတွင်း/ပြင်သန့်ရှင်းရေး ပိုမိုကောင်းမွန်လာခြင်း၊ လူနာစောင့်နားနေဆောင် ဆောက်လုပ်အသုံးပြုနိုင်ခြင်း၊ ခွဲစိတ်ကုသဆောင် နှင့် အရိုးကုသဆောင်အတွက် တိုးချဲ့အဆောက်အဦ ဆောက်လုပ် အသုံးပြုနိုင်ခြင်း၊ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI)စက် တပ်ဆင်ပြီးစီးခြင်း၊ ဆင်းရဲနွမ်းပါး လူနာများ/ ပိုင်ရှင်မဲ့လူနာများအတွက် အခမဲ့ကုသမှုများ ဆောင်ရွက်ပေးနိုင်ခြင်း၊ အထူးအားဖြင့် ပဲခူးအောင်သုခဆရာတော်ကြီးလှူဒါန်းသည့် အဆင့်မီ(၄)ထပ် လူနာဆောင် ဆောက်လုပ်နိုင်ခြင်း စသည့် သိသာထင်ရှားသည့် တိုးတက်မှုများအပေါ် ဒေသခံပြည်သူများမှ အားရကျေနပ်မှုရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)


