နေပြည်တော် ၁၀ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနသည် မြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်)စက်ဝန်းတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များအား စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ဂမုန်းတောင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် နေပြည်တော်လူထုဗဟိုပြုစီမံကိန်းမှ Regional Consultant Officer ဒေါ်နုနုရီ၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဉီးစီးမှူး ဉီးဝင်းဇော်နှင့် တာဝန်ရှိသူများ က ဂမုန်းတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာမှ လူထုဗဟိုပြုစီမံကိန်းကျေးရွာကော်မတီဝင် (၆၅)ဉီးအား စီမံကိန်းလုပ်ငန်းများပြင်ဆင်ခြင်း၊ ဝယ်ယူရေး၊ တည်ဆောက်ရေး၊ ကျား/မ ရေးရာတန်း တူညီမျှရရှိရေး၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စောင့်ကြည့်ကြီးကြပ်ရေး စသည်တို့ပါဝင်သော သင်ခန်း စာများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ(၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန တာဝန်ရှိသူများသည် ဂမုန်းတောင် ကျေးရွာအုပ်စု၊ ရစ်ထွေကျေးရွာမှ တင်ပြတောင်းဆိုသည့် ရေပေးဝေရေးလုပ်ငန်းများအား မြေပြင်တွင် အမှန်လိုအပ်မှုရှိ၊ မရှိကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


