မန္တလေး ၁၀ ဇန်နဝါရီ             

 

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ်  ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီက အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ ဗြိတိသျှကောင်စီ(INGO)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရက်ကန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်တို့မှ ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

ဆက်လက်၍ ဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြခန်းများ၊ ပြင်ပရက်ကန်းလုပ်ငန်းရှင်များ၏  ဒီဇိုင်းပြခန်းများ၊ မြန်မာနိုင်ငံအနှံအပြားရှိ ရက်ကန်းကျောင်းများ၏ ပြခန်းများနှင့် ဆိုင်ခန်းများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

 

အဆိုပါပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇိုင်းပညာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံကျောင်းမှ သင်တန်းသားများ ထုတ်လုပ်ထားသည့် အဝတ်အထည်များ၊ ပြိုင်ပွဲဝင်ရက်ကန်းလုပ်ငန်းရှင်များ ထုတ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများကို မော်ဒယ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြသမည့် ဖက်ရှင်ရှိုးပွဲများ၊ ရက်ကန်းမူပိုင်ခွင်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာဒီဇိုင်း ပြိုင်ပွဲ၊ ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ British Council(Myanmar)နှင့် Swiss Agency for Development and Cooperation, Embassy of Switzerlandတို့ ၂၀၁၇ ခုနှစ်မှ စတင်ပူးပေါင်းအကောင်အထည်ဖော်သော လက်ခတ်သံစီမံချက် အရပြုလုပ်ခြင်း ဖြစ်ပြီး ရက်ကန်းကျောင်းဆင်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုရရှိစေရန်နှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုမိုမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)