ပွင့်ဖြူ ၁၀ ဇန်နဝါရီ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက်နေ့က စတင်ကာ မြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၅ ကွက်အား ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။ 

 

‌ေ

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအနေနဲ့ ကောက်ကွက်မြေပုံ စုစုပေါင်း(၁၅)ကွက် ရှိပါတယ်။ စာရင်းကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မီ ကောက်ယူပြီးစီးနိုင်ရေးအတွက် ရုံးဝန်ထမ်းတွေကို အဖွဲ့များခွဲပြီး တစ်ပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဆောင်ရွက် နေတာဖြစ်လို့ ယခုဆိုရင် စာရင်းကောက်ကွက်(၁၄)ကွက် ကောက်ယူဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ စာရင်းကောက်ယူမှု ပုံစံကတော့ ယခင်က ကောက်ယူခဲ့တဲ့ မေးခွန်းစာရွက်အသုံးပြုတဲ့နည်းစနစ်နဲ့ ကောက်ယူသွားခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံအများစု အသုံးပြုနေပြီဖြစ်တဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်း ကောက်ယူတဲ့စနစ် CAPI (Computer Assisted Personal Interviewing) အသုံးပြုတဲ့နည်းစနစ်နဲ့ ကောက်ယူဆောင်ရွက်တာဖြစ်လို့ စာရင်းများ ကောက်ယူရာမှာ တိကျမှန်ကန်ပြီး မြန်ဆန်စွာနဲ့ ကောက်ယူရလည်း လွယ်ကူစေပါတယ်။ ဒါ့ကြောင့် မကြာမီအချိန်မှာ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ ဆောင်ရွက်ပြီးစီးတော့မှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့်က ပြောပြ၍ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)