ရန်ကုန် ၁၀  ဇန်နဝါရီ 

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော အထက (၁)ရွှေပြည်သာ၊ အထက(၂)လှိုင်သာယာ၊ အထက(၃) မင်္ဂလာဒုံ၊ အထက တော်လန်း (ကွမ်းခြံကုန်း)ကျောင်းများ၏ ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဘိုနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ် ခြင်းအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး နဝဒေးစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

‌ေ

 

ထို့နောက် အထက(၂)လှိုင်သာယာမှ ကျောင်းသား ကျောင်းသားများက ပြည်မြန်မာ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လှူဒါန်းကြသည့် အလှူရှင်များ၊ ပံ့ပိုးကူညီ ဆောင်ရွက် ကြသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာအနေဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးသဖြင့် ကျောင်းစာကြည့်တိုက်များ အဆင့်မြှင့်တင်ခြင်း၊ ကျောင်း စာကြည့်တိုက် များအသုံးပြုခြင်းကို အားပေးဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ MBAPF တို့နှင့် ပူးပေါင်း၍ The Asia Foundation ၏ ကူညီပံ့ပိုး မှုဖြင့် ၂၀၁၈ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း။

ကျောင်းသား ကျောင်းသူများ စာများများဖတ်နိုင်ရန်အတွက် အားပေး ဆောင် ရွက်လျက်ရှိရာ ကျောင်းစာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ကောင်းသောသဘောထားများ၊ ကောင်းသော စိတ်ခံ စားမှုများ ရရှိရန်အတွက် ရသစာပေစာအုပ်များကို ထည့်သွင်းပေးထားပါကြောင်း၊ ကလေးများ၏အသက်အရွယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် စဉ်းစားတွေး ခေါ်နိုင်မှုအရ လိုက်လျောညီထွေဖြစ်သည့် စာအုပ်များကို ထည့်သွင်းပေးထားပါကြောင်း၊ ကျောင်း သား ကျောင်းသူများအနေဖြင့် စာသင်ခန်းအတွင်း၌သာ သင်ယူနိုင်ရုံသာမက အခြား သုတရပ်ဆိုင်ရာများကို လေ့လာနိုင်ရန် စာကြည့်တိုက်တွင် သုတနှင့်ဆိုင်သော စာအုပ် များ၊ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်များ ကိုလည်း ထည့်သွင်းပေးထားပါကြောင်း။

သုတစာအုပ်များကိုဖတ်ရာတွင် နိုင်ငံတကာစာအုပ်များသည် အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားထားသည့်အတွက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၏ အင်္ဂလိပ်စာအရည်အသွေး မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက် ရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ  ဆက်လက်သင်ယူ လေ့လာလိုသည့် ပညာရပ်များကို အရည်အသွေး ပြည့်မီစွာ သင်ယူလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင် ကျောင်းသုံးဖတ်စာအုပ်များသည် ကျောင်းသား ကျောင်းသူ သင်ယူတတ်မြောက်ရမည့် ဘာသာရပ်ကို အကောင်းဆုံးသင်ယူ တတ်မြောက်နိုင်စွမ်း ရှိရန်ဖြစ်ပြီး စာမေးပွဲရမှတ်များများ ရရှိစေရန် သင်ကြားပေး ခြင်းမဟုတ်ပါကြောင်း၊ သို့ရာတွင် ကျောင်းသားကျောင်းသူများ စာရေးတတ်၊ ဖတ် တတ်၊ တွက်တတ်ရန်၊ အတူပူးပေါင်းဆောင်ရွက် နိုင်စွမ်းရှိရန်နှင့်  ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ အရည်အသွေးကို မြှင့်တင်ပေးရန်အတွက် အရေးကြီး ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် စာကြည့်တိုက်များ ရေရှည်အသုံးချနိုင် ရေး အားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဘိုနှင့် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း ဥက္ကဋ္ဌ ‌ဒေါ်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ဘင်ခရာ တီးဝိုင်းအတွက် အလှူငွေပေးအပ်ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ပြီး အထက(၃)ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာကြည့် တိုက်အသင်းတို့ပူးပေါင်းကာ ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အခြေခံ ပညာအထက်တန်းကျောင်း ၅ဝ တို့၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အခြေခံပညာကျောင်း ၁၁၅ ကျောင်း၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)