မင်းဘူး ၁၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဓမ္မတေးပူဇော်ပွဲနှင့် နိုင်ငံကျော်အဆိုတော်များ၊ Myanmar Idol Season (4) ဆုရ အဆိုရှင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဂီတဖျော်ဖြေရေးအစီအစဉ်များကို ဇန်နဝါရီ ၂၈ ရက်တွင် နိုင်ငံကျော်တေးသံရှင် အဆိုတော် ဒေါ်မာမာအေး ၊ စိုးစန္ဒာထွန်း ၊ ဗညားဟန် ၊ ရန်ပိုင်စိုး တို့နှင့်အတူ Myanmar Idol Season (4) ဆုရတေးသံရှင် အက်စတာ၊ အေးမြဖြူတို့မှ ဖွင့်ပွဲလာ ဘုရားဖူး မိဘပြည်သူများအား ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မသဘင်တွင်လည်း ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ မှ လည်းကောင်း၊ ဇန်နဝါရီ ၃၀ ရက်ညပိုင်းတွင် ရွှေရတုတိပိဋက မြင်းမူဆရာတော်ဘုရားကြီးမှ လည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အမေရိကန်ဆရာတော် မှ လည်းကောင်း ဘုရားဖူးလာ မိဘပြည်သူများအား တရားရေအေးများ တိုက်ကျွေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

အဆိုပါ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်မှ ဧပြီလ ၁၇ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)